ရန်ကုန်- မန္တလေးအမြန်လမ်းဘေး က ကျူးကျော်နေအိမ် ၄ ထောင်ကို ဖယ်ရှားမည်
2016.08.21

ရန်ကုန်-မန္တလေး အမြန်လမ်းဘေးက မိုင်တိုင်အမှတ် ၃ မိုင် ၂ ဖာလုံကနေ ၅ မိုင် ၂ ဖာလုံ ကြားမှာရှိတဲ့ ကျူးကျော်နေအိမ် ၄ထောင်လောက်ကို မကြာခင်မှာ ဖယ်ရှားမယ်လို့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။
အဲဒီကျူးကျော်အိမ်တွေကို ရှင်းလင်းမယ့် အချိန်ကို အတိအကျ မသိရသေးပေမယ့် နေထိုင်သူတွေအတွက် ပြင်ဆင် ချိန်ရအောင် ကြိုတင်အကြောင်းကြားမယ်လို့ ကျူးကျော်နေထိုင်သူတွေ နဲ့ ဒီကနေ့ တွေဆုံဆွေးနေွးပွဲမှာ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။
"ဒီမှာနေတဲ့လူတွေကို နစ်နာမှုတွေမရှိအောင် တဲတွေကဆောက်ထားပြီ၊ အိမ်တွေက ဝယ်ထားပြီ၊ အရင် တစ်ခါလည်း ရှင်းလင်းပြီးလို့ သတင်စာရှင်းလင်းပွဲတွေ အနည်းနည်းအဖုံဖုံလုပ်ခဲ့ပြီးပြီ၊ နောက်ဆုံးကျတော့ ဝင်ရင်း ဝင်ရင်းကို ဝင်လာပြီးနေနေပြီ သို့သော် ဒီဟာတွေကို ရှင်းလင်းတဲ့အခါ ဘယ်တော့ရှင်းလင်းမှာလဲ ဆိုတော့ ကျနော် တို့ ပြန်ပြောပေးပါမယ်၊ ပြောပါမယ် မပူပါနဲ့ အခုတော့ ကျနော် ရက်မသိသေးလို့ပါ၊ မနက်ဖြန်မှာ သိပါလိမ့်မယ်၊ ကျနော် ဒီနေ့ပြန်သွားပြီးတာနဲ့ မနက်ဖြန်မှာ သတင်းပို့မှာဖြစ်ပါတယ်၊ မနက်ဖြန်ကျလို့ရှိရင် ကျနော်သိပါပြီ၊ သိရင် ဆရာတို့စောင့်နေပါ၊ လာဝေပါမယ် စာလေးတွေနော်၊ ဘယ်နေ့မှာတော့ ဖျက်ပါမယ် ဒါကြောင့် ဖယ်ရှားပေးပါ"
ကျူးကျော်နေထိုင်သူတွေကတော့ သူတို့နေထိုင်တဲ့ ဧရိယာကို ရွာမြေအဖြစ်သတ်မှတ်ပေးဖို့ အစိုးရကို လျှောက် ထားဆဲဖြစ် တဲ့အတွက် မဖယ်ပေးနိုင်သေးဘူး လို့ အောင်ရတနာရွာမှာနေတဲ့ ဦးစံထွန်းက ပြောပါတယ်။
"အကြာကြီးပြောတယ်၊ ကျနော်တို့ကတော့ ယေဘုယျအားဖြင့်သော် ဖယ်ပေးပါဆိုတဲ့အချိန်မှာ အခုအချိန်အထိတော့ ကျနော်တို့ မဖယ်ပေးနိုင်ဘူး၊ ဒါရိုးသားစွာ ဝန်ခံမယ်၊ ကျနော်တို့ကလည်း ဥပဒေမဲ့မလုပ်ဘူး၊ ဥပဒေနဲ့အညီ ကျနော်တို့က ဆောင်ရွက်တယ်"
ကျူးကျော်အိမ်တွေဟာ အမြန်လမ်းဘေးက အောင်ရတနာရွာ၊ ရတနာအောင်ရွာနဲ့ ကံ့ကော်ကျွန်း ကွက်သစ် စတဲ့ ရွာတွေမှာ တည်ရှိနေတာဖြစ်ပါတယ်။
အဲဒီနေရာမှာ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် အရင်အစိုးရလက်ထက်က မဟာမိတ် ကြယ်များ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။ မဟာမိတ်ကြယ်များကုမ္ပဏီဟာ အဲဒီမြေနေရာမှာ တန်ဖိုးနည်းအိမ်ရာ၊ တက္ကသိုလ် ၊ နိုင်ငံတကာအဆင့်မီ စာသင်ကျောင်း နဲ့ ဂေါက်ကွင်းတွေ ဆောက်လုပ် မှာဖြစ်တယ်လို့ မြို့ရွာ နဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။
စီမံကိန်းနယ်မြေမှာ ကျူးကျော်နေထိုင်သူတွေကို ပြီးခဲ့တဲ့နှစ်ကုန်က ဖယ်ရှားခဲ့ပေမယ့် အစိုးရသစ်တက်ပြီးနောက် ပိုင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်နေကြ တာဖြစ်ပါတယ်။
ကျူးကျော်နေထိုင်သူတွေထဲက တချို့ကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ KNU/KNLA (PC) က တပ်ဖွဲ့ဝင် တစ်ယောက်က မြေနေရာတွေ ရောင်းချ ထားတာဖြစ်ပြီး အဲ့ဒီကိစ္စအတွက် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) က KNU/KNLA (PC) နဲ့ ဆွေးနွေးနေတယ်လို့လည်း ဦးယုခိုင်က ပြောပါတယ်။