ကန့်ဘလူမှာ မြွေကိုက်ခံရတဲ့စစ်ဘေးဒုက္ခသည် ၆၀ ကျော်လာပြီး ခြောက်ဦးသေဆုံး
2023.05.01

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေ ဟာ တောတောင်တွေထဲ ထွက်ပြေးကြရင်း မြွေကိုက်ခံရသူ ၆၁ ဦးအထိရှိလာပြီး အဲဒီအထဲမှာ ခြောက်ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းကနေ ၂၀၂၃ ခုနှစ်၊ ဧပြီကုန်အထိ အရေအတွက်ဖြစ်သလို ဧပြီတစ်လတည်းမှာတင် စစ်ဘေးဒုက္ခသည် လေးဦး မြွေကိုက်ခံရပြီး နှစ်ဦး သေဆုံးခဲ့တယ် လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဧပြီ ၁၅ ရက်က အသက်ရှစ်နှစ်အရွယ် ဝက်သအင်းရွာသား မောင်မိုးဟိန်းဟာ မြွေကိုက် ခံရပြီး ဆေးကုနေချိန် နှစ်ရက်အကြာမှာ သေဆုံးခဲ့သလို မလည်တိုက်နယ်က အသက် ၅၃ နှစ်အရွယ် ဦးကျော်ညွန့်လည်း မြွေကိုက်ခံရပြီး ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
လယ်တော၊ ယာတောတွေထဲ ထွက်ပြေးတိမ်းရှောင်ရတာကြောင့် မြွေအန္တရာယ်နဲ့ ကြုံရတာဖြစ်သလို မြွေပွေးအကိုက်ခံရမှုကတော့ အများဆုံးလို့ ဒေသခံတွေက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ မြွေဆိပ်ဖြေဆေးရှားပါးတာအပြင် စစ်ကောင်စီတပ် ကပါ ဆေးဝါးသယ်ယူခွင့်ကို ပိတ်ပင်ထားတာကြောင့် အခက်အခဲဖြစ်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မြွေဆိပ်ဖြေဆေးက ပိုက်ဆံရှိရင်တောင် ဝယ်ချင်တိုင်းဝယ်လို့မရဘူး။ ဈေးကလည်း BPI ဆိုရင် တစ်လုံးကို တစ်သိန်းဝန်းကျင်ရှိတယ်။ အိန္ဒိယဆေးက သုံးသောင်းကနေ ငါးသောင်းဈေးရှိတယ်။ အခုက မြွေကိုက်ခံရတဲ့အကြောင်းပြောနေလို့သာ ပြောကြတာ။ တခြား အခြေခံဆေးဝါးတွေလည်း လုံလောက်မှုမရှိဘူး"
လက်ရှိအထိ ကန့်ဘလူမြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေ ဆက်ရှိနေပြီး ဧပြီလ ၂၂ ရက်ကနေ ၂၉ ရက်နေ့ထိ ရွာပေါင်းခုနစ်ရွာက နေအိမ်ပေါင်း နှစ်ရာကျော် မီးရှို့ခံရသလို ဒေသခံတွေ ဘေးလွတ်ရာကို ဆက်လက်ထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်ရှိနေပါပြီ။