စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ
2013.09.11

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ ခေါင်းဆောင်တွေနဲ့ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံး နှစ်နှစ်ကြာ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းရေးဆွဲဖို့ သဘောတူညီခဲ့တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
ကျားဖြူပါတီ ခေါင်းဆောင်တွေဟာ တောင်ကြီးမြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၉ ရက်နေ့ကနေ ဒီနေ့အထိ ကျင်းပခဲ့တာပါ။ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းစေလိုတဲ့ အကြောင်းကိုတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က အခုလိုပြောပါတယ်။
“တပ်နဲ့ ပြည်သူ တသားတည်းကျအောင်ဆိုပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်ရောက် အမျိုးသားတွေ အနည်းဆုံး စစ်မှုနှစ်နှစ်ထမ်းစေချင်တဲ့ဆန္ဒရှိတယ်လေ၊ နိုင်ငံတကာမှာလည်း ဒီလိုကျင့်သုံးနေတာရှိတယ်လေ၊ အခုက တပ်ကသီးခြားဖြစ်နေတယ်၊ ကျနော်တို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရဆိုရင် တော်တော်လေးကင်းကွာကြတာပေါ့နော်”
ဒါ့အပြင် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ဆိုင်ရာခွဲဝေမှုအပြင် မြေပေါ်မြေအောက် သယံဇာတ ခွဲဝေရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောသွားပါတယ်။ ဒါပေမယ့် အသေးစိတ်ကို သူကထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။