၂၁ ပင်လုံညီလာခံ ပြီးပြည့်စုံမှုမရှိဘူးလို့ ဦးခွန်ထွန်းဦး ပြော
2017.10.26

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးမပါဝင်တဲ့ ၂၁ ပင်လုံညီလာခံဟာ ပြီးပြည့်စုံမှာမဟုတ်သလို အားလုံး မပါတဲ့အတွက် တိုင်းပြည်လည်း ဒီထက်ပိုနစ်နာဖို့ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ၂၉ နှစ်ပြည့် အခမ်းအနားအပြီးမှာ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သဘောထားကို မေးမြန်းရာမှာ ဦးခွန်ထွန်ဦးက ပြောတာဖြစ်ပါတယ်။
"၂၁ ပင်လုံကိုတော့ ရှင်းရှင်းပြောရရင် သွက်ချာပါဒရောဂါသည် တပိုင်းသေနေတဲ့သူလိုဖြစ်နေပြီဗျ၊ ဆိုလိုရင်းက ညီလာခံအတွင်းမှာ ၈ ဖွဲ့ရှိတယ်။ အပြင်မှာက မြောက်ပိုင်းက ၇ ဖွဲ့၊ UNFC က လေးဖွဲ့ရှိပြီ၊ ဒီမှာလည်း နာဂကို မဖိတ်ဘူး၊ နောက်လာလတ္တံသော ဟာတွေလည်းရှိဦးမှာပဲနော်၊ အဲဒီတော့ ကျနော်ဆိုလိုတာကတော့ ဒီညီလာခံ က ပြီးပြည့်စုံမှာမဟုတ်ဘူး။ ခပ်ရှင်းရှင်းပြောရရင် အားလုံးမပါဘဲနဲ့ ဆက်သွားလို့ကိုမရဘူး။ ဒီတိုင်းကြီးပဲသွားရင် တိုင်းပြည်လည်းနာမယ် အားလုံးလည်း ရှင်းရှင်းပြောရရင် ဒုက္ခရောက်ဖို့ရှိတယ်"
ပါတီ ၂၉ ပြည့်အခမ်းအနားကို ရန်ကုန်မြို့ ၉ မိုင်မှာရှိတဲ့ အောင်မြေဘုံသာရှမ်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီနဲ့ ပါတီအတော်များများက သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ တိုက်ပွဲတွေကြောင့် တိုင်းပြည်ဟာ ကြေမွအထိနာနေပြီဖြစ်တဲ့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေကတဆင့်တက်လာတဲ့ ဒီမိုကရေစီအစိုးရမျိုးနဲ့သာ တိုင်းပြည်ပြန်လည် တည်ဆောက်လို့ရမှာ ဖြစ်တယ်လို့လည်း ဦးခွန်ထွန်းဦးက ပြောပါတယ်။
ဒါ့အပြင် လွတ်လပ်ရေးရစဉ်ကာလက မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ လေးငါးဖွဲ့သာရှိခဲ့ပေမယ့် လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၂၁ ခုကျော်အထိရှိလာခဲ့တာဟာ နယ်မြေတွေခွဲခြားသတ်မှတ်ခဲ့တာတွေရဲ့ အကျိုးဆက်တွေကြောင့်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
SNLD တည်ထောင်တဲ့ ၂၉နှစ်တာကာလအတွင်း ပါတီဟာ နိုင်ငံရေးမူအပေါ်မှာ ရပ်တည်ခဲ့တာကြောင့် ဒုက္ခမျိုး စုံရောက်ခဲ့ရသလို နိမ့်ချည်မြင့်ချည်နဲ့ အကွေ့အကောက်တွေကြုံခဲ့ရပေမယ့် ကိုယ်ကျိုးစီးပွားအတွက် အပြောင်းအလဲ မလုပ်ခဲ့တာကို ပြည်သူတွေက အသိအမှတ်ပြုခံခဲ့ရတယ်လို့လည်း ဦးခွန်ထွန်းဦးက အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
ဒီနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက SNLD နဲ့ NLD ပါတီကြားမှာ သဘောထားမတိုက်ဆိုင်မူတွေရှိနိုင်ပေမယ့် ငယ်ပေါင်းမိတ်ဆွေတွေဖြစ်တာကြောင့် မတူညီတာတွေ ကို ညှိုနှိုင်းဆောင်ရွက်သွားနိုင်ပါတယ်လို့ ပြောပါတယ်။