SNLD ပါတီ မဲဆွယ်ရာမှာ ကန့်သတ်ခြိမ်းခြောက်မှုတွေ ကြုံတွေ့နေရ


2018.09.23
nanhtwehmone-snld-622.jpg မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းထွေးမှုံ ကို တွေ့ရစဉ်
Photo: SNLD

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြင်ဦးလွင်မြို့နယ်က ကျေးရွာတွေမှာ မဲဆွယ်စည်းရုံးရာမှာ ကန့်သတ်ခံရတာတွေ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရကြောင်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်က ညောင်သာယာကျေးရွာမှာ SNLD ပါတီ လိုဂိုပါ စတေကာတွေဝေခဲ့တာကို သိမ်းထားတာတွေ ကပ်ထားတာတွေ မလုပ်ဖို့ တခြားပါတီဝင် တစ်ဦးက ခြိမ်းခြောက်ပြောဆိုတာရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြင်ဦးလွင်မြို့နယ် နောင်ခမ်းကျေးရွာကို SNLD ပါတီက မဲဆွယ်စည်းရုံးရေး သွားရောက်ရာမှာ ရွာသားတွေက အိုးစည်း၊ ဗုံ၊ မောင်းတွေတီးခတ် ကြိုဆိုတာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကန့်သတ်တားဆီးတာတွေ ရှိခဲ့ကြောင်းလည်း ဦးစိုင်းလိတ်က ပြောပါတယ်။

အခုလို မဲဆွယ်စည်းရုံးတာတွေမှာ တားဆီးခြိမ်းခြောက်ခံနေရတဲ့ ကိစ္စတွေကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားသွားမယ်လို့လည်း SNLD ပါတီက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်အရွေးခံဖို့ မန္တလေးတိုင်း အတွင်းက ရှမ်းတိုင်းရင်းသားတွေရှိတဲ့နေရာတွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။