တောင်ကြီးမြို့နယ်မှာ မဲပေးပုံသိသူနည်း
2015.11.04

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဆန္ဒမဲ ၃ မဲပေးရမယ်ဆိုတာကို သိသူနည်းနေကြောင်း နဲ့ မြို့နယ်အတွင်းက ကျေး ရွာတွေမှာ ဘယ်လိုမဲပေးရမယ်ဆိုတာကို သိသူနည်းနေ တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။
ကျားခေါင်း ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တောင်ကြီးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းမိုခမ်းက ဒီကနေ့ တောင်ကြီးမြို့က မဲဆွယ်စဉ်မှာ ပြောတာဖြစ်ပါတယ်။
"ပြည်သူလူထုနဲ့ ထိတွေ့တဲ့အချိန်မှာ ကျေးရွာကိုဆင်းတဲ့အချိန်မှာ ကျေးရွာက ပြည်သူတွေကတော့ မဲကိုထည့်ချင်ပေမယ့်လည်း မှန်ကန်တဲ့ မဲပေးပုံပေးနည်း တွေသူတို့မသိကြပါဘူး၊ ခိုင်လုံမဲနဲ့ ပယ်မဲကိုသေချာရှင်းပြရပါတယ်၊ ကျေးရွာက လူတွေမပြောပါနဲ့ မြို့ပေါ်ကပြည်သူလူထုတွေတောင် တစ်ယောက်ကို ၃ မဲ ပေးရမယ်ဆိုတာ မသိတဲ့လူတွေလည်းရှိပါတယ်၊ နိုင်ငံရေးကို စိတ်မဝင်စား ကြတာလည်းရှိမှာပေါ့နော်၊ သူတို့ကို ပြည်သူလူထုရဲ့ရင်ထဲက မဲတစ်ပြားက ဘယ်လောက်အရေးကြီးလဲ ဆိုတာကို ကိုယ်ကလည်းရှင်းပြပေးပါတယ်"
ကျားခေါင်းပါတီဟာ တောင်ကြီးမြို့မှာ နောက်ဆုံးအကြိမ်အဖြစ် ပါတီဝင်အင်အား ၅၀၀ လောက် နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦးဟာ လှည့်လည်မဲဆွယ် စည်းရုံးခဲ့တာဖြစ်ပါတယ်။
မဲဆွယ်ပွဲမှာ တောင်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး၊ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ ဦး စုစုပေါင်း ၆ ဦးနဲ့ ပါတီဝင်အင်အား ၅၀၀ ကျော်ဟာ ကားအစီးရေ ၅၀၊ ဆိုင်ကယ် ၂၀ ကျော်နဲ့ လှည့်လည်စည်းရုံးခဲ့တာဖြစ်ပါတယ်။
ကျားခေါင်းပါတီဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။