၂၀၁၅ ရွေးကောက်ပွဲ ဝင်၊ မဝင် ရှေ့သီတင်းပတ်အတွင်း SNLD ဆုံးဖြတ်မည်


2014.03.19
u-khun-tun-oo-b305 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး
RFA

လာမယ့်မတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာကျင်းပမယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ နှစ်ပတ်လည်ညီလာခံကနေ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်၊ မပြိုင် ဆုံးဖြတ်မယ်လို့ SNLD ပါတီက ဒီကနေ့ ပြောလိုက်ပါတယ်။

၃ ရက်ကြာကျင်းပမယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး SNLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကို ပြောပါတယ်။

"လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင် မဝင်၊ နိုင်ငံရေးအကျဉ်းသားများမှာလည်း အဖွဲ့ဝင်အနေနဲ့ ပါထားတဲ့အတွက်ကြောင့်မို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့အတွက်ကို ကြိုးပမ်းသွားဖို့လိုတယ်၊ နောက်ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်တွေမှာ ကျနော်တို့ ပါတီဝင်တွေအနေနဲ့ ဘယ်လောက်အထိ ပိုပြီးတော့မှ ပါဝင်နိုင်မလဲဆိုတဲ့အချက်တွေကို အဓိကထားပြီးတော့မှ ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်"

ဒါ့အပြင် အဲဒီညီလာခံကို တက်ရောက်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကိုလည်း နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် SNDP ပါတီ တာဝန်ရှိသူတွေဘက်က မအားလပ်သေးတဲ့အတွက် မတက်ရောက်နိုင်သေးကြောင်း အကြောင်းပြန်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

အဲဒီညီလာခံမှာ SNLD နဲ့ SNDP ပါတီ နှစ်ပါတီ ပေါင်းစည်းရေးအတွက်ကိုလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ ထည့်သွင်းဆွေးနွေးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။