ငြိမ်းချမ်းရေးမှာ တပ်မတော် ပိုမိုပါဝင်လာမှု SNLD ကြိုဆို


2014.03.12
ncct-una-snld-305.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးတို့ မတ်လ ၁၂ ရက်နေ့က တွေ့ဆုံကြစဉ်
photo: Thiha Tun/RFA

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ကြိုးပမ်းမှုတွေမှာ တပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်တွေ ပိုမိုပါဝင်လာတဲ့အတွက် ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်ရှိလာပြီလို့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အတွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲ အပြီးမှာ ဦးခွန်ထွန်းဦးက ဆွေးနွေးပွဲရလာဒ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"အခုဖြစ်နေတာက ငြိမ်းချမ်းရေးကလုပ်လိုက်၊ တပ်ကတိုက်လိုက် ဖြစ်နေတာပေါ့၊ တပ်ကလည်း သူ့ဟာနဲ့သူပါလာပြီဆိုတော့ ငြိမ်းချမ်းရေးကတော့ ရောင်ခြည်သန်းလာပြီပေါ့ဗျာ၊ ဒါက ကျနော်တို့ အတွေ့အကြုံအရ ပြန်ပြောပြတာပေါ့၊ ကောင်းတော့ကောင်းပါတယ်၊ လွှတ်တော်လည်း ပါလာပြီပဲ၊ အစိုးရလည်း ပါလာပြီဆိုတော့ ဟိုဘက်က ၉ ယောက် ဒီဘက်က ၉ ယောက် ဆွေးနွေးကြမှာပဲလေ၊ ကျနော်တို့ တိုင်းရင်းသားတွေ၊ ပါတီတွေကိုလည် ဖိတ်ခေါ်မယ်ဆိုရင်တော့ လာပေးရမှာပေါ့"

ဒီနေ့တွေ့ဆုံပွဲကို တိုင်းရင်းသားတွေ ကိုယ်စားပြုညှိနှိုင်းရေးအဖွဲ့ NCCT က ဦးခွန်ဥက္ကာ၊ ဦးနိုင်ဟံသာစတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦးစတဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ချုပ်ဆိုနိုင်ရေးအတွက် နောက်လာမယ့် ဧပြီလ ပထမပတ်မှာတွေ့ဆုံဖို့ သဘောတူညီခဲ့ကြပါတယ်။

အစိုးရနဲ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သတ်ပြီး NCCT အဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းကလည်း ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA နဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။