ဦးခွန်ထွန်းဦးနဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ
2017.09.02

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးအတွက် စစ်ရေးအရ ဖိအားပေးဆောင်ရွက်တာ မသင့်တော်ကြောင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့တဲ့အကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက SNLD ကျားခေါင်းပါတီ ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။
မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးနဲ့ ဒီနေ့ ရန်ကုန်မြို့ SNLD ရုံးချုပ်မှာ တွေ့ဆုံစဉ် ပြောခဲ့တာလို့ SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ သူရှင်းပြတာက အားလုံးပါဝင်ရေးဟာ ပိုကောင်းတယ်၊ အားလုံးမပါဝင်ဘဲနဲ့ ဒီတိုင်းပဲဆက်သွားမယ်ဆိုရင် သိပ်မကောင်းဘူး အားလုံးပါတာ ပိုကောင်းတယ်၊ နောက်ပြီးတော့ ဒီလက်မှတ်ထိုးဖို့ကိစ္စ၊ ငြိမ်းချမ်းရေးရဖို့ကိစ္စတွေ ဆောင်ရွက်တဲ့အချိန်မှာ ဆွေးနွေးညှိနှိုင်းတာ ပိုကောင်းတယ်၊ ဖိအားအတင်းပေးပြီးတော့ လုပ်တာမကောင်းဘူးဆိုပြီးတော့ သူတင်ပြခဲ့တာတွေရှိပါတယ်၊ အဲဒါတွေကို သူရှင်းပြပါတယ်"
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်တဲ့ ခေါင်းဆောင်တွေဟာ မနေ့က နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ မတူကွဲပြားမှုတွေရှိပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့လိုအပ်ကြောင်း SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က UWSA "ဝ" ဌာနချုပ် ပန်ဆန်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေနဲ့ UNFC ဥက္ကဌ နိုင်ဟံသာတို့ တွေ့ဆုံခဲ့ကြကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားမှာလည်း နားလည်မှုရှိဖို့ လိုအပ်တဲ့အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရကြောင်း ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး ပဋိပက္ခတွေ ကြာရှည်မှာကို စိုးရိမ်ကြောင်းနဲ့ ရခိုင်အရေးမှာ ပြည်တွင်းက အဖွဲ့အစည်းတွေအားလုံး ညီညွတ်ဖို့လိုအပ်တယ်လို့ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။