ကျားခေါင်းပါတီ ရှမ်းပြည်နယ် မြို့နယ် ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်မည်
2014.12.06
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ကျားခေါင်း) ပါတီက ရှမ်းပြည်နယ်မှာ မြို့နယ် ၄၀ နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် စီစဉ်ထားမှုတွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က အခုလို ပြောပါတယ်။
"ကျနော်တို့ အခုလောလောဆယ်တော့ မြို့နယ် ၄ဝ လောက်ဖြစ်မယ်ထင်တယ်၊ ပြည်သူ့လွှတ်တော် ၄ဝ ဖြစ်သွား မယ်၊ ပြည်နယ်လွှတ်တော်ဆိုလည်း ၈ဝ ဖြစ်သွားမှာပေါ့၊ အမျိုးသားက ရှမ်းပြည်မှာ ၁၂ ယောက်ပဲရတဲ့အထဲမှာ ၅ ယောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပေးရတယ်၊ ၇ ယောက်ကျန်တယ်၊ အဲဒီ့ ၇ ယောက်မှာ ကလော တို့ဘာတို့ ကျနော်တို့အားမကောင်းဘူး၊ ကျနော်ထင်တယ်၊ အများဆုံး ၂ ယောက်၊ ၃ ယောက်ပဲ"
ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း ၅၂ မြို့နယ်ရှိရာမှာ မြို့နယ် ၄၀ လောက်ကို ကျားခေါင်းပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်ဦးရေ ၄၀ နဲ့ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၈၀ လျာထားတယ်လို့ ပြောပါတယ်။
မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ မြို့နယ်တွေအလိုက် စတင်လုပ်ဆောင်နေပြီ လို့လည်း ပြောပါတယ်။
ဦးစိုင်းညွန့်လွင်ကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။