SNLD တည်ထောင်ခြင်း ၂၈ နှစ်ပြည့် အခမ်းအနား ကျင်းပ
2016.10.26

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ရည်မှန်းချက်တူသူတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့Panda ဟိုတယ်မှာ ကျင်းပတဲ့ SNLD ပါတီတည်ထောင်ခြင်း ၂၈ နှစ်ပြည့် အထိမ်းအမှတ်အခမ်း အနားမှာ ပါတီရဲ့ တွဲဖက်အတွင်းရေမှူး ၂ ဦးစိုင်းကျော်ညွန့်က ပြောတာပါတယ်။
"ကျနော်တို့ သွားချင်တဲ့ ဖက်ဒရယ် နိုင်ငံကိုရောက်အောင်ဆိုတာ ကျနော်တို့ အားတစ်ခုတည်းနဲ့ မဟုတ်ဘူး။ ကျနော်တို့ရဲ့ မိတ်ဆွေအဖွဲ့အစည်းတွေ၊ မိတ်ဆွေပါတီတွေ၊ ပါတီအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ ၊ နောက်ပြီးတော့ CSO တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေပေါ့လေ။ နောက်ပြီးတော့ တစ်ဦးချင်းစီ၊ ပုဂ္ဂိုလ် တစ်ဦးချင်းစီပေါ့လေ ဒီမိုကရေစီတိုက်ပွဲမှာ၊ ဖက်ဒရယ်တိုက်ပွဲမှာ အမြဲတမ်းရပ်တည်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေအားလုံးနဲ့ ပူးပေါင်းပြီး ကျနော်တို့က ရှေ့ဆက်သွားဖို့ ရှိပါတယ်"
အဲဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းစတဲ့ အဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
SNLD ပါတီကို ၁၉၈၈ အောက်တိုဘာလမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် ဒုတိယ အနိုင်ရရှိမှု အများဆုံး ပါတီဖြစ် ပါတယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပြီး ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေတယ်လို့လည်း ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃ နေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၅ နေရာနဲ့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ အနိုင်ရရှိထားပါတယ်။