မဟာမိတ်ပါတီတွေဆက်ဖြစ်ရေး NLD အပေါ်မူတည်ကြောင်း SNLD ပြောဆို
2015.11.11

NLD ပါတီနဲ့ မဟာမိတ်အဖြစ် ဆက်လက်တည်ရှိရေးဟာ NLD ပါတီပေါ်မှာသာ မူတည်တယ်လို့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
အခုလိုပြောဆိုရခြင်းဟာ NLD ပါတီဟာ အပြတ်အသတ်အနိုင်ရရှိခဲ့တာကြောင့် ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်တည်နိုင်တဲ့ အခြေအနေရောက်ရှိသွားတာကြောင့်ဖြစ်တယ်လို့ ဦးစိုင်းညွန့်လွင်က ပြောဆိုပါတယ်။
ဆက်လက်ပြီး ဦးစိုင်းညွန့်လွင်က အနိုင်ရ NLD ပါတီအနေနဲ့ တပ်မတော်နဲ့ ဆက်ဆံရေး ဘယ်လိုထူထောင်မလဲ ဆိုတဲ့မေးခွန်းဟာ အကြီးမားဆုံးနဲ့ အရေးအကြီးဆုံးကိစ္စဖြစ်နေပြီး NLD ခေါင်ဆောင်တွေရဲ့ အမြော်အမြင်ကြီးမှု၊ ရင့်ကျက်မှု၊ စိတ်ကောင်းစေတနာထားမူတွေအပေါ် မူတည်မှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
SNLD ပါတီဟာ NLDရဲ့ မဟာမိတ်ပါတီဖြစ်ပြီး၊ ရှမ်းပြည်နယ်အတွင်း အောင်မြင်မူရရှိခဲ့တဲ့ ပါတီဖြစ်ပါ တယ်။
ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅ဦး၊ ပြည်သူ့လွှတ်တော်မှာ ၁၂ဦး နဲ့ အမျိုးသားလွှတ်တော်မှာ ၃ဦး အသီးသီး အနိုင်ရထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုဝင်ဘာလ ၁ဝရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။