တိုက်ပွဲတွေ ရပ်တန့်ဖို့ SNLD နဲ့ ရှမ်းအဖွဲ့တွေ မေတ္တာရပ်ခံ
2018.11.27

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေအကြား တိုက်ပွဲတွေ ရပ်တန့်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအပါအဝင် ရှမ်းတိုင်းရင်းသားအရပ်ဖက်အဖွ့ဲအစည်းတွေက မေတ္တာရပ်ခံ လိုက်ပါတယ်။
နှစ်ဖက်တပ်တွေ ရောက်နေတဲ့အရပ်မှာတင် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့အတွက် နှစ်ဖက်အဖွဲ့အစည်းတွေက ထိပ်ပိုင်းခေါင်းဆောင်တွေဆီ မနေ့ကရက်စွဲနဲ့ မေတ္တာရပ်ခံစာပေး ပို့လိုက်တယ်လို့ SNLD ပါတီရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က သီပေါမြို့နယ် နားလော့ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ ရွာသား ၃ ဦး သေဆုံးခဲ့ရသလို အောက်တိုဘာလကုန်ပိုင်းလောက်ကလည်း လားရှိုးမြို့နယ် အီနှိုင်းကျေးရွာထဲ မှာလည်း နှစ်ဖက်တပ်တွေ ပစ်ခတ်တာတွေကြောင့် ဒေသခံအတော်များများ လားရှိုးမြို့ပေါ်ကို ပြောင်းရွှေ့ခဲ့ကြရ ပါတယ်။
ဒါကြောင့် ရှမ်းပြည်သူလူထုအပေါ် ထိခိုက်တာတွေရှိသလို နှစ်ဖက်စလုံးက အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေး ဖက်တွေဖြစ်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အဟန့်အတားဖြစ်စေတဲ့အတွက် အခုလိုမေတ္တာရပ်ခံတာ လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ အခုလို ရှမ်းလက်နက်ကိုင်အဖွဲ့တွေအချင်းချင်း ပစ်ခတ်နေကြတဲ့အတွက် ဒေသခံပြည် သူတွေ အသက်ဆုံးရှုံးလာရတဲ့အထိဖြစ်လာတဲ့အတွက် ရှမ်းနိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့ SNLD နဲ့ ပြည်တွင်းပြည် ပ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်လာကြတာဖြစ်ပါတယ်။
အခုလိုရှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပစ်ခတ်နေကြတာဟာ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ နယ်မြေစိုး မိုးနိုင်ရေးပြဿနာကြောင့်ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
SSPP က ရှမ်းမြောက်ဒေသဟာ သူ့နယ်မြေဖြစ်တယ်လို့ ယူဆထားပြီး RCSS တပ်တွေ ကျူးကျော်နေတဲ့အတွက် ပြန်လည်ဆုတ်ခွာခိုင်းတာဖြစ်တယ်လို့ SSPP ဘက်ကဆိုပေမဲ့လည်း RCSS ဘက်ကတော့ တရုတ်နယ်စပ်မှာရှိတဲ့ သူ့တို့တပ်တွေရှိရာကိုလာရင်းနဲ့ ခုခံကာကွယ်ရတာဖြစ်တယ်လို့ အကြောင်းပြကြပါတယ်။
နှစ်ဖက်တပ်တွေအကြားမှာ တဖက်နဲ့တဖက်အနိုင်ရရေးအတွက် အငြင်းပွားနေကြတာက ကောင်းတဲ့ရလဒ် မဟုတ်ဘူးလို့ SSPP အဖွဲ့ရဲ့အကြံပေး ဦးခွန်ဆိုင်းက ပြောပါတယ်။
‘’မဖြစ်သင့်တဲ့ဟာတွေပါပဲခင်ဗျာ၊ အားလုံးဝိုင်းဝန်းကြိုးပမ်းဖို့ သက်ဆိုင်ရာကာယကံရှင်ကလည်း ကြိုးစားရမယ်၊ ဘေးပတ်ဝန်းကျင်က အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေက ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ပါတယ်ခင်ဗျာ၊ ’’
SSPP တပ်ဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး ရှမ်းပြည်နယ်ထဲက TNLA ပလောင်တပ်ဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတာပါ။
အခုလက်ရှိပစ်ခတ်နေတာတွေကို အမြန်ဆုံးရပ်ဆိုင်းဖို့ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
‘’အစိုးရနဲ့ငြိမ်းချမ်းရေးကိစ္စတိုးပြီးမှ မလုပ်နိုင်ခင်မှာ ရှမ်းတပ်အချင်းချင်းက ပစ်ခတ်တိုက်ခိုက်နေကြတယ်ဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်သွားစေနိုင်တယ်၊ ငြိမ်းချမ်းရေး process ကနေ ဘေးထွက် သွားစေနိုင်တယ်လို့ သုံးသပ်တယ်၊ ငြိမ်းချမ်းရေးက ပိုပြီးဝေဝါးသွားရင် ပြည်သူတွေပဲ ဒီထက်မက ဒုက္ခရောက် သွားနိုင်မယ်လို့ သုံးသပ်ပါတယ်၊ နယ်မြေပြဿနာဆိုတာက လူထုကိုယ်တိုင် ဆုံးဖြတ်မှဖြစ်မယ်ဗျ RCSS က သူ့ရဲ့တပ်ရင်း ၇၀၁ ပေါ့ဗျာ၊ ရွှေလီဘက်မှာ သူရောက်ဖူးတယ် SSPP ကလည်း သူတို့တော်လှန်ရေးစကာလက အခြေအနေမျိုးကိုပြန်ပြောရင် အငြင်းပွားစရာဖြစ်တယ်၊ ဒါပေမဲ့ ပြည်သူလူထုရဲ့အကျိုးကို ဆောင်ရွက်တယ် ကြွေးကြော်ပြီးလုပ်တဲ့ အဖွဲ့အစည်းအချင်းချင်းပဲဗျာ လူထုကတောင်းဆိုလာတယ် လူထုအကျိုးကိုကြည့်မယ်ဆိုရင် ကိုယ့်ရဲ့တစ်ကိုယ်ရေအကျိုးစီးပွား ဘယ်လောက်ရှိရှိ ရပ်တန့်သင့်ရင်ရပ်တန့်ရမှာပဲ’’
တိုင်းရင်းသားလက်နက်ကိုင်တွေအချင်းချင်း ပစ်ခတ်နေလို့ ပြည်သူတွေထိခိုက်နေရတာကို အစိုးရကလည်း အရေးတကြီး ဝင်ရောက်ဆောင်ရွက်စေချင်တယ်လို့ လားရှိုးမြို့က အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။
‘’ဖြစ်နိုင်ရင် တစ်နိုင်ငံလုံးကို အပစ်ရပ်အနေနဲ့ အစိုးရကကြေညာသင့်တယ်ခင်ဗျ၊ ဒီလိုထိုးစစ်ဆင်မှုတွေရှိတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့သွားလာရင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိခိုက်တာတွေရှိတဲ့အပြင် တိုက်ပွဲက အချင်းချင်းဖြစ်တာ၊ တခါတပ်မတော်အစိုးရနဲ့ဖြစ်တာ တခါဆို ပြည်သူတွေက ကျီးလန့်စာစား ထွက်ပြေးတာ တစ်ကြိမ်မဟုတ်တော့ဘူး နှစ်ကြိမ် သုံးကြိမ်ဆက်တိုင်ဖြစ်ခြင်းက အမြန်ဆုံး ဒီငြိမ်းချမ်းကေ ဖြစ်သင့်တယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး တွေ့ဆုံဖြေရှင်းဖို့ အမြန်ဆုံးဖြစ်သင့်တယ် ရှမ်းပြည်မြောက်ပိုင်း ပြည်သူလူထုက ဘယ်သူကလည်း စိတ်မဝင်စားဘူး၊ လာပြီးတော့ ကြည့်ရှုစောင့်ရှောက်တာလည်းမရှိခဲ့ဘူး၊ အရေးတကြီးဆောင် ရွက်သွားဖို့ တိုက်နှိုးဆော်ပါတယ်’’
နယ်မြေအငြင်းပွားမှုပြဿနာကို ပစ်ခတ်ပြီးဖြေရှင်းမယ့်အစား နှစ်ဖက်ခေါင်းဆောင်တွေတွေ့ဆုံကာ ဖြေရှင်းသင့်တယ်လို့ ရှမ်းလူငယ်အဖွဲ့က ဦးစိုင်းဟန်က အခုလို သုံးသပ်ပြောပါတယ်။
‘’လက်နက်ကိုင်နေတဲ့အဖွဲ့အချင်းချင်း လက်နက်နဲ့မဖြေရှင်းဘဲ တွေ့ဆုံဖြေရှင်းပြီး ပြည်သူလူထုကို ကြားပေးဝင်နေပေးဖို့ လိုလားတာပေါ့နော်၊ နယ်မြေပြဿနာနဲ့ တိုက်ပွဲဖြစ်တာ ဒါကရှမ်းအချင်းချင်းလေ တပ်မတော်နဲ့တိုက်တာ နှစ် ၇၀ ရှိပြီနော်၊ နယ်မြပြဿနာ အခုပြီးမှမပြီးသေးပဲ ရှမ်းအချင်းချင်းက ဒီလိုမျိုးဖြစ်နေတာ မဖြစ်သင့်ဘူး’’
အရပ်ဖက်အဖွ့ဲတွေနဲ့ SNLD ပါတီတို့ရဲ့ မေတ္တာရပ်ခံစာနဲ့ပတ်သက်ပြီး RCSS/SSA နဲ့ SSPP ခေါင်းဆောင်တွေရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
နှစ်ဖက်ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပစ်ခတ်နေကြတာကို ချက်ချင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ကိုလည်း ပြည်တွင်းရှမ်းအဖွဲ့အစည်းတွေအပြင် နိုင်ငံတကာရောက် ရှမ်းတိုင်းရင်းသားတွေကလည်း တိုက်တွန်းကြပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။