လူကုန်ကူးမှု တားဆီးရေးလုပ်ငန်း လူထုအခြေပြု အဖွဲ့အစည်းများ ညှိနှိုင်း
2013.02.02
လူကုန်ကူးမှု ကာကွယ်ရေးလုပ်ငန်းတွေကို လူထုသိနားလည်လာအောင် ကနဦးလုပ်ဆောင်ရမယ့်အချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆရာမဒေါ်သန်းမြင့်အောင် က RFA ကိုပြောပါတယ်။
“ကျမတို့ အောင်နက်ဝပ် ကနေပြီးတော့ အမျိုးသမီးအဖွဲ့အစည်းတွေ ပေါင်းပြီးတော့ လူကုန်ကူးမှု တားဆီးရေးအတွက် ဘာလုပ်နိုင်မလဲဆိုတာ တွေ့ဆုံမှုလေးလုပ်တာပါ၊ ဒီလို ဒီလို ဒီလို အဖြစ်မျိုးတွေဖြစ်တယ်၊ အဲဒီ့အဖြစ်မျိုးကို ဘယ်လိုအဖြေရှာမလဲ၊ အဲဒါဘာ့ကြောင့်ဖြစ်ရတာလဲ၊ လူထုသိအောင် ပြောကြားကြဖို့ ကျမတို့က ပထမဦးဆုံး ဒါဆုံးဖြတ်တယ်”
အဲဒီ တွေ့ဆုံပွဲကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မနီလာသိန်း၊ မမီးမီးနဲ့ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
လူကုန်ကူးမှု ကာကွယ်တားဆီးရေးအတွက် အခုလို အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို တစ်လတစ်ကြိမ်ကျင်းပနေတာဖြစ်ပြီး ဒီကနေ့တွေ့ဆုံမှုကတော့ ပဉ္စမအကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။