အာဏာရှင်ဆန့်ကျင်ရေး လူမှုကွန်ရက်လှုပ်ရှားမှု ကျယ်ပြန့်လာနေ
2011.03.20

ဒီ လှုပ်ရှားမှုဟာ ငုပ်လျှိုးနေတဲ့ လူငယ်တွေရဲ့ နိုင်ငံရေးစိတ်ဓာတ်တွေကို လှုံ့ဆော်နိုင်တာ တွေ့ရတယ်လို့ လူမှုကွန်ရက် အသုံးပြုနေတဲ့ ကိုရဲသူရိန်မင်းက ပြောပါတယ်။
“Butterfly Effect လိုပဲလေ။ သေးသေးဖွဲဖွဲလေးကနေ တော်လှန်ရေးအကြီးကြီးတွေ ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တာကိုး။ အဲဒီတော့ FaceBook ကနေ လူ လေးငါးဆယ်ယောက်နဲ့ စခဲ့တယ် ဆိုပေမယ့် တချိန်မှာ တော်လှန်ရေးတခု၊ နိုင်ငံတခုရဲ့ အပြောင်းအလဲ ဖြစ်သွားနိုင်တာပဲ။ အခုအချိန်မှာတော့ သူတို့တွေဟာ အဖွဲ့လေးတွေ ကွဲနေသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ကွန်ရက်ငယ်လေးတွေ ဖြစ်နေသေးတယ်။ တချိန်မှာ ဒီကွန်ရက်ငယ်လေးတွေ ပေါင်းစည်းသွားပြီဆိုရင် နိုင်ငံတော် ပြောင်းလဲဖို့ တော်လှန်ရေးတခု ဖြစ်ဖို့ အားတခု ဖြစ်သွားမှာပဲ”
အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အင်တာနက် လူမှုကွန်ယက်တွေက တဆင့် စတင်ခဲ့တဲ့ လူထု လှုပ်ရှားမှုတွေ အောင်မြင်ခဲ့တာကို ပြည်တွင်း မြန်မာလူငယ်တွေက နမူနာ ယူပြီး Just Do It ဆိုတဲ့ FaceBook ကွန်ရက်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အကောင်အထည် ဖော်ခဲ့ကြတာဖြစ်ပါတယ်။
Just Do it ရဲ့ FaceBook စာမျက်နှာမှာ မြန်မာနိုင်ငံက လူထုလှုပ်ရှားမှုတွေကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းတဲ့ ဗီဒီယိုမှတ်တမ်း ဓာတ်ပုံတွေ၊ နိုင်ငံရေးအမြင် ဆွေးနွေးချက်တွေ ဖော်ပြထားတာကို တွေ့ရပါတယ်။