ထိန်းသိမ်းခံ NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ဆေးရုံတင်ထားရ
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာ ကျန်းမာရေး မကောင်းတဲ့အတွက် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူ့ရှေ့နေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၈၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာ အူနဲ့ဆိုင်တဲ့ ရောဂါကြောင့် အခုရက်ပိုင်း အတွင်းမှာပဲ နေပြည်တော် အချုပ်ထောင်ကနေ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးကို ပိုဆောင်ကုသ နေရတာလို့ သူ့ရဲ့ရှေ့နေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
"သူက ဗိုက်နည်းနည်း အောင့်တယ်။ နှလုံးနည်းနည်းခုန်တာ မမှန်ဘူးဆိုတာမျိုး ပြောတယ်။ အကြမ်းဖျင်း ပဲ သိရတာပေါ့။ ဆေးရုံတက်တာတော့ မကြာသေးဘူး ဒီရက်ပိုင်းပဲ"
ဦးစိုးဝင်းဟာ NLD အစိုးရစီးပွားရေးကြံပေး မစ္စတာ ရှောင်တားနဲလ်ရဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုမှာ ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့နဲ့အတူ ပူးတွဲ စွဲဆိုခံထားရတာ ဖြစ်ပါတယ်။
အဲဒီအမှုအတွက် နေပြည်တော်က အထူးတရားရုံးမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒီနေ့ ရုံးထုတ်ခဲ့ပြီး စွပ်စွဲခံရသူ ငါးဦးအနက် ဆေးရုံတင်ထားရတဲ့ ဦးစိုးဝင်းက မတက်ရောက်နိုင်တာကြောင့် ရုံးချိန်းကို နောက်တစ်ပတ် ဒီဇင်ဘာ ၂၃ ရက် ကြာသပတေးနေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။
ဦးစိုးဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ စီးပွားရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလကစပြီး NLD အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။