တန့်ဆည် အထက ၁ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဗုံးခွဲခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ် အ.ထ.က (၁) ကျောင်းဝန်းထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက် ၈ နာရီ လောက်က မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား လေးယောက် သေဆုံးသွားတယ်လို့ တန့်ဆည်တိုက်ဂါးအဖွဲ့ (MDF Taze Tiger) အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီကျောင်းမှာ ကျောင်းတက်မယ့်သူတွေ မရှိဘဲ စစ်တပ်က တပ်စွဲထားကြတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ တန့်ဆည်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“တန့်ဆည်မြို့နယ်ထဲမှာ ဘယ်ကျောင်းမှမဖွင့်ဘူး။ အခုကျောင်းကလည်း အခွံကြီးပဲ သူတို့တပ်စွဲနေတာ သုံးရက်လောက်ရှိပြီ။ မနက်ဆိုလာတယ်။ ညနေဆို ပြန်ပြန်သွားကြတာ။ အခု ဗုံးကွဲတာမှာတော့ ကျောင်း အဝင်ဝနား ကင်းတဲထဲက စစ်သားတွေ သေသွားတာ”
ကျောင်းဝန်းထဲမှာ စစ်သား အယောက်သုံးဆယ်လောက်ရှိပြီး ကျောင်းအနီးက ဈေးဆိုင်တွေကိုလည်း ပိတ်ခိုင်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု သေဆုံး ထိခိုက်တာတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ဒီမနက်မှာပဲ ကျွန်းလှနဲ့ တန့်ဆည်မြို့နယ် အစပ်က ပုတီးရွာအနားမှာလည်း ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေ ကြားရပြီး ကျွန်းလှမြို့နယ်ဘက်က တက်လာတဲ့ စစ်ကောင်စီ တပ်သားတွေ ရောက်ရှိနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။