ဖမ်းဆီးမှုတွေရှိနေပေမယ့် အာဏာဖီဆန်ရေးလှုပ်ရှားမှု ရပ်တန့်မသွား
2021.02.12
စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ပြီး ရုံးမတက်ဘဲ အာဏာဖီဆန်နေကြတဲ့ CDM–Civil Disobedience Movement လှုပ်ရှားမှုမှာ ပါဝင်နေသူ အစိုးရဝန်ထမ်းတချို့ အဖမ်းအဆီးခံနေရပါတယ်။ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေနဲ့ အစိုးရဝန်ထမ်းတွေကို ဖေဖော် ဝါရီ ၁၁ ရက် ညပိုင်းကစပြီး စစ်တပ်က နေအိမ်တွေမှာ လိုက်ပြီးဖမ်းဆီးတာတွေရှိနေပေမယ့် စစ်အာဏာသိမ်း ဆန့်ကျင်မှု လူထုဆန္ဒပြပွဲတွေမှာ အစိုးရဝန်ထမ်းတွေ ဆက်ပြီးပါဝင်ဆင်နွှဲနေကြပါတယ်။
နိုင်ငံ့ဝန်ထမ်းအချို့ဟာ မသမာသူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လုပ်ငန်းခွင်တာဝန်တွေ ပျက်ကွက် နေကြတာကို ထိထိရောက်ရောက်တားဆီးသွားမယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၁ ရက် မနေ့က ပြည်သူတွေကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ထားပါတယ်။
အာဏာဖီဆန်ရေးလုပ်နေကြတဲ့ ဝန်ထမ်းတွေ အဖမ်းခံနေရတယ်ဆိုပေမယ့်လည်း နိုင်ငံတဝှမ်းက ကြီးမားတဲ့ ဆန္ဒပြမှုတွေထဲမှာ အစိုးရဝန်ထမ်းတွေ အမြောက်အများဆက်ပြီးပါဝင်နေကြပါတယ်။ ဝန်ထမ်းတွေ အခုလို ပါဝင်လာကြတာကို ဆန္ဒပြသူတွေကလည်း ကြိုဆိုဂုဏ်ပြုနေကြပါတယ်။ ဝန်ထမ်းတွေ အားမလျှော့ဖို့လည်း တိုက်တွန်းနေကြပါတယ်။
မိတ္ထီလာတက္ကသိုလ်က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ သင်္ချာပါမောက္ခဆရာ ဦးအောင်ကျော်မင်း ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၂ နာရီမှာ စစ်ကား ခုနှစ်စီးနဲ့ ကျောင်းဝန်းအတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သမိုင်းဌာနက ပါမောက္ခ ဒေါက်တာ သက်သက်ခိုင် က RFA ကိုပြောပါတယ်။
မိတ္ထီလာတက္ကသိုလ်က ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံမှာ CDM လုပ်နေပြီး ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆေးစတိုထိန်းဝန်ထမ်း ဦးပြည့်ဖြိုးအောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
မိုင်းပန်မြို့နယ်ပြည်သူ့ဆေးရုံမှာ CDM လှုပ်ရှားမှုထဲပါဝင်တဲ့ ဆေးရုံဝန်ထမ်း အယောက် ၂၀ ကျော်ရှိပြီး လာ ရောက်ဖမ်းဆီးစဉ်က တစ်ခြားနာမည်နဲ့ တစ်ဦးကိုမေးပေမယ့် အဲဒီနေရာမှာတင်ရှိနေတဲ့ ဦးပြည့်ဖြိုးအောင် ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်ဆေးရုံက CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ဒေါက်တာ ပြည့်ဖြိုးနိုင်ကိုလည်း မဲဇလီကုန်းက သူရဲ့ ဆေးခန်းမှာရှိနေစဉ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က နေ့လယ် ၃ နာရီမှာ လာရောက်ဖမ်းဆီး သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အင်္ဂပူမြို့နယ်က ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စည်ပင်နဲ့ မြို့နယ်ထွေအုပ် ဝန်ထမ်းတွေက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ထွေထွေအုပ်ချုပ်ရေး ဝန်ထမ်း ရှစ်ဦးကို ဌာနက ရုံးပြန်တက်ဖို့ ဖိအားပေးတာတွေရှိနေပြီး ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အရဆိုပြီး လာရောက်ညှိနှိုင်း ပြောဆိုတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာလည်း CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေဟာ မြို့တွင်းလှည့်လှည်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြသူ ခြောက်ဦးကို ဖေဖော်ဝါရီ ၉ ရက်နေ့က ဖမ်းဆီး ခဲ့ကြသလို ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနေ့ကလည်း ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသား နှစ်ဦးကို ထပ်မံ ဖမ်းဆီးခဲ့တာကြောင့် ကျိုင်းတုံမြို့နယ်မှာ ဖမ်းဆီးခံရသူ ကိုးဦးရှိနေပြီဖြစ်ပါတယ်။
CDM လှုပ်ရှားမှုမှာပါဝင်တဲ့အတွက် ဖမ်းဆီးခံရသူနဲ့ ဆန္ဒပြပွဲ ဦးဆောင်မှုကြောင့် ဖမ်းဆီးခံရသူတွေဟာ နေ့စဉ်နဲ့အမျှ တိုးမြင့်လာနေပါတယ်။
'ဒီလိုဖမ်းဆီးမှုတွေဟာ ဥပဒေနဲ့ မညီဘူးလို့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ထောက်ပြပါတယ်။
ရန်ကုန်မြို့ လေကြောင်းထိန်းသိမ်းရေးဦးစီးဌာနက CDM လုပ်နေတဲ့ဝန်ထမ်းတွေကို ရဲနဲ့ စစ်တပ်ပေါင်းပြီး မနေ့ည ၁၁ နာရီကျော်မှာ ဝင်ဖမ်းတဲ့အတွက် လေကြောင်းဦးစီးဌာန၊ လေကြောင်းထိန်းသိမ်းရေးဌာနခွဲက လက်ထောက်မန်နေဂျာ ဦးထွန်းဝင်း၊ လက်ထောက်မန်နေဂျာ ဒေါ်သင်္ကြန်မိုးနဲ့ ဒု-အထွေထွေမန်နေဂျာ ဦးအောင်ဇော်သိန်း တို့ ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါ တယ်။
အလားတူ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM ကို ဦးဆောင်လို့ဆိုပြီး မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် ကိုလည်း ဒီမနက်စောစော ၁ နာရီခွဲလောက်မှာ ရပ်ကွက်လူကြီးနဲ့အတူ ရဲနဲ့ စစ်တပ်ပေါင်းပြီး လာရောက်ဖမ်းဆီးခဲ့ပေမယ့် ရပ်ကွက်လူထုက သံပုံးတီးမောင်းထုတ်တဲ့အတွက် ဖမ်းဆီး တဲ့အဖွဲ့ နောက်ပြန်လှည့်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခုအခါ မန္တလေးဆေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် တိမ်းရှောင်နေရတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းကစတင်ပြီး ဖဖော်ဝါရီ ၁၁ ရက်နေ့ထိ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ရရှိထားတဲ့စာရင်းအရ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၂၆၂ ဦး ရှိနေပြီလို့ AAPP ရဲ့ ပြောခွင့်ရသူ ဦးအောင်မျိုးကျော်က ပြောပါတယ်။
CDM လှုပ်ရှားမှုမှာပါဝင်တဲ့ဝန်ထမ်းတွေကို မူလတာဝန်ရာထူး တည်မြဲဖို့ ဥပဒေနဲ့အညီ ကာကွယ်ပေးမယ်လို့ NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ကြေညာချက်ထုတ်ပြန်ပေးထားပါတယ်။
အာဏာသိမ်းစစ်အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် CDM မှာ ပါဝင်တိုက်ပွဲဝင်နေသူတွေကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးနေလို့ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်း ကြဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပန်ကြားထားပါတယ်။ စစ်အစိုးရက ဖမ်းဆီးနေ ပေမယ့်လည်း ဒီကနေ့ နိုင်ငံတဝှမ်းမှာကျင်းပကြတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေထဲမှာ ကျန်းမာရေး၊ ပညာရေးနဲ့ တခြားအစိုးရဌာနဝန်ထမ်းတွေ အမြောက်အများ ပါဝင်ချီတက်ခဲ့ကြပါတယ်။