လှည်းကူး NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဖခင်အပါအဝင် ငါးဦး အဖမ်းခံရ

2021.07.07
လှည်းကူး NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဖခင်အပါအဝင် ငါးဦး အဖမ်းခံရ
Photo: RFA

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဇူလိုင် ၆ ရက် မနေ့ညပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ် စားလှယ် ဒေါ်ခင်မာလာမောင်မောင်ရဲ့ဖခင် ဦးမောင်မောင် အပါအဝင် လူငါးဦးကို စစ်ကောင်စီက ဖမ်းဆီး သွားတယ်လို့ လှည်းကူးဒေသခံတွေက RFA ကို ပြောပါတယ်။

ဇူလိုင် ၆ ရက် မနေ့ ည ၂ နာရီဝန်းကျင်လောက်မှာ NLD ရဲ့ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မာလာမောင်မောင်ရဲ့ဖခင် ဦးမောင်မောင်ရှိရာ ငွေလမင်းဆီစက်ထဲကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဦးမောင်မောင်နဲ့အတူ ဒေါ်ခင်မာလာမောင်မောင်ရဲ့ မောင်ဖြစ်သူ ကိုကြည်သာမောင်မောင်ပါ ဖမ်းဆီးခံလိုက် ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဦးမောင်မောင်က အသက် ၆၀ လောက်တော့ရှိမယ်။ ကိုကြည်သာမောင်မောင် ကတော့ ၃၀ ဝန်းကျင်ပေါ့။ ဦးမောင်မောင်ရဲ့သမီးက ‌ဒေါ်ခင်မာလာမောင်မောင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဲဒါနဲ့ ဆက်စပ်မယ်လို့တော့ ထင်ပါတယ်။ ဘာကြောင့်လဲတော့ သေချာမသိရဘူးပေါ့လေ"

ဒါ့အပြင် လှည်းကူးမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂထဲမှာပါတယ်လို့သိထားရတဲ့ ကိုအောင်ခန့်ဘုန်းရဲ့ ဖခင်ဖြစ်သူ ဦးအေးမင်းသိန်းကိုလည်း လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာက သူ့အပိုင် car polish ဆိုင်မှာ ဇူလိုင် ၆ ရက် ညနေ ၅ နာရီက ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကိုအောင်ဘုန်းခန့်ကို မတွေ့လို့ အဖေဖြစ်သူကို ဖမ်းသွားတာလို့ သိရပြီး သူ့အိမ်ကို အရင်ကလည်း ဒီလိုလာရှာ တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုပဲ ဇူလိုင် ၆ ရက်ညမှာ လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု ကြာအင်းမြိုင်ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်တစ်ပါးကိုလည်း လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ယောက် ပြောပြပါ တယ်။ မက်စ်ဆီဆိုင်ရှေ့ ဂတ်စ်ထည့်တဲ့ဆိုင်က အမျိုးသမီးတစ်ယောက်ကိုလည်း ဇူလိုင် ၆ ရက်ညမှာ ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေဆီက သိရသလို သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတော့ မသိထားဘူးလို့ ဆိုပါ တယ်။

သူတို့ငါးဦးကို ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။