တောင်တွင်းကြီးမှာ ဒေသခံ လေးဦး ထပ်အဖမ်းခံရ
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ သိမ်ကုန်းကျေးရွာက ဒေသခံ လေးဦးကို စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
အဖမ်းခံလိုက်ရသူတွေက ဒေသခံရွာသား ဦးမောင်မြင့်နဲ့ သားဖြစ်သူ ကိုကျော်ထက်လင်း၊ သားမက်ဖြစ်သူ ကိုသိန်းကျော်နဲ့ ကိုနိုင်လင်း တို့ဖြစ်ပြီး ဘာကြောင့်ဖမ်းသွားလဲ ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
“ညက မိုးတွေရွာနေတဲ့အချိန်မှာ ဖမ်းသွားတာ၊ ဘယ်ကိုဖမ်းသွားလဲတော့ မသိဘူး၊ အခုမနက်လည်း စစ်သားတွေ ၃၀ လောက် ရွာထဲမှာခြေလျှင်ပတ်နေတယ်၊ ရွာထဲကလူတွေလည်း အဖမ်းခံရမှာစိုးလို့ လယ်ထဲကိုမသွားရဲကြဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း သိမ်ကုန်းကျေးရွာနားက တောင်လျောင်း (ရွာမ) ကျေးရွာမှာ မိုင်တယ် (Mytel) တာဝါတိုင် ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျေးရွာထဲမှာ ဝင်ရောက်ပစ်ခတ်ဖမ်းဆီး တာကြောင့် ရွာသား နှစ်ဦး သေဆုံးပြီး လေးဦး အဖမ်းခံခဲ့ရပါတယ်။
ဒါ့အပြင် ၁၂ ရက်နေ့မှာပဲ အိုးပေါက်ကျေးရွာက လူ ငါးဦးနဲ့ တိုက်ပွဲကျေးရွာက လူ ၁၀ ဦးခန့်ကိုလည်း စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မကွေးတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ အဖမ်းခံရသူတွေ ရက်ဆက်ဖြစ်နေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်က မြို့နယ်အချို့ကို နယ်မြေရှင်လင်းရေးလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အဲဒီဘက်မှာ စက်တင်ဘာလာ ၁၄ ရက် မနေ့နေ့လယ်ပိုင်းကတည်းက အင်တာနက်တွေ ပြတ်တောက်နေပါတယ်။