ပလက်ဝမှာ အပြစ်မရှိလို့ လွှတ်ပေးခဲ့တဲ့ လူငယ်လေးဦး ပြန်အဖမ်းခံရ
2021.10.22
ချင်းပြည်နယ်၊ ပလက်ဝက လူငယ်လေးဦးကို အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး အပြစ်မရှိတာကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အောက်တိုဘာလ ၁၃ ရက်နေ့ညမှာ ပြန်ဖမ်းသွားတယ်လို့ မိသားစုဝင်တွေက ဒီကနေ့ပြောပါတယ်။
လက်ရှိပြန်ဖမ်းခံရသူတွေကတော့ ပလက်၀မြို့ဒေသခံ မောင်ထွန်းမင်း၊ မောင်အောင်ထွန်းစိုး၊ မောင်အိုက်ထွန်း မင်းနဲ့ မောင်ထွန်းမင်းတို့ ဖြစ်ပါတယ်။
အဲဒီလူငယ်လေးဦးဟာ မေလ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ ပလက်ဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုမှာ စွပ်စွဲခံရပြီး တပ်မတော်အကြည်ညိုပျက်စမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအမှုဖွင့်ခံခဲ့ရပေမယ့် သက်သေမခိုင်လုံတာကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့မှာပဲ တရားရုံးက ပြန်လွှတ်ပေးခဲ့တာပါ။
“သူတို့ ၅၀၅ (က) နဲ့ စွဲတဲ့အမှုတွေကို ကြားနားစစ်ဆေးတဲ့အခါမှာ ရှေ့နေတွေဘာတွေ မငှားနိုင်ဘူး၊ ဒါပေမဲ့ စွဲချက်တွေကို ကိုယ်တိုင်ပဲ ထုချေနိုင်ခဲ့တယ်၊ သူတို့က မတရားစွပ်စွဲတာပဲရှိတယ် အထောက် အထားနဲ့ သက်သေမပြနိုင်ဘူး၊ အဲဒီအတွက်ကြောင့် နောက်ဆုံး အပြစ်မရှိတဲ့အတွက် အမှုကနေ အောက်တိုဘာ ၁၂ ရက်နေ့မှာပဲ ပြန်လွှတ်ပေးခဲ့တယ်” လို့ မိသားစု၀င်တစ်ဦးက RFA ကိုပြောပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ မင်းတပ်စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေကောက်ခံပြီး ချင်းကာကွယ်ရေးအဖွဲ့ (CDF) တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေက ပြန်ဖမ်းသွားတာလို့ မိသားဝင်တွေက ဆိုပါတယ်။
ပြန်ဖမ်းပြီးနောက်တစ်ရက် အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ခံရပြီး လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုထားတယ်လို့ လည်း မိသားစုဝင်တွေက ပြောပါတယ်။
၅ လနီးပါးကြား အဖမ်းခံထားရတဲ့ လူငယ်တွေကို အပြစ်မရှိတာကြောင့် တရားရုံးကလွှတ်ပေးခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက နောက်ထပ်တစ်မှုတပ်ပြီး လက်ရှိ ပလက်၀မြို့နယ်ရဲစခန်းမှာ ထပ်ဖမ်းထားတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးထောင်ချခံရသူ ၅၀၀၀ ကျော်ကို အောက်တိုလာ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ချက်ခြင်းပြန်အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။