ကလေးမြို့က CDM ကျောင်းဆရာ အပါအဝင် သုံးဦး အဖမ်းခံရ

2022.02.16
ကလေးမြို့က CDM ကျောင်းဆရာ အပါအဝင် သုံးဦး အဖမ်းခံရ ကလေးမြို့က CDM ကျောင်းဆရာ ဦးမျိုးမင်းအောင်ကို တွေ့ရစဥ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မြေမာန်ရပ်ကွက်က အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု မှာ ပါဝင်နေတဲ့ ကျောင်းဆရာ ဦးမျိုးမင်းအောင်နဲ့ ဇနီးတို့ဟာ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနေ့ညနေပိုင်းက အောင်သစ္စာရပ်ကွက်မှာနေထိုင်တဲ့ ကိုမောင်မောင် လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေတစ်ဦးက ပြော ပါတယ်။

"မောင်မောင်က မနေ့ညနေက ဖမ်းခံရတာ။ ဆရာ မျိုးမင်းအောင် ကတော့ သူနေတဲ့ ကျောက်မြောင်းလမ်းမှာ စစ်သားတွေ အများကြီး ပိတ်ဖမ်းတာ။ သူမိန်းမရော ပါသွားတယ်"

သူတို့သုံးဦးဟာ နေအိမ်မှာရှိနေချိန် အဖမ်းခံရတာဖြစ်ပြီး ဘာအကြောင်းပြချက်နဲ့ အဖမ်းခံရတယ်ဆိုတာ အသေးစိတ်မသိရသေးပါဘူး။ သူတို့ကို ကလေးမြို့ ဒေသ ကွပ်ကဲရေးစစ်ဌာချုပ် (ဒကစ) မှာ ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။

ဆရာ ဦးမျိုးမင်းအောင်ဟာ ကလေးမြို့ အထက (၁) မှာ အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာကနေ စစ်တပ်ကအာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်နေသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က အောင်သစ္စာရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်ဌေးမြင့်၊ ဒေါ်မိထူးနဲ့ အသက် ၂၀ အရွယ် သူ့သားတို့ကို စစ်ကောင်စီတပ်သားတွေက PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၄၀၀ ခန့်ရှိပြီလို့ ကလေးမြို့ ပင်မသပိတ်ကော်မတီ ဦးဆောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။