ကလေးမြို့ လယ်ခြားရွာသားနှစ်ဦး အဖမ်းခံထားရ
2021.12.07
စစ်ကိုင်းတိုင်း ကလေးမြို့နယ် လယ်ခြားရွာသား ကိုသားပုနဲ့ မဝေဝေခိုင် တို့ဟာ ဒီဇင်ဘာ ၅ ရက်က ရန်ကြီး အောင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ လယ်ခြားရွာသားတွေက ပြောပါတယ်။
သူတို့ နှစ်ဦးဟာ လယ်ခြားရွာကနေ ခရီးသည်ကားနဲ့ ကလေးမြို့ပေါ်ကို လိုက်ပါလာရင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ရန်ကြီးအောင်စစ်ဆေးရေးဂိတ်မှာ အဖမ်းခံလိုက်ရတယ်လို့ လယ်ခြားရွာသားတစ်ဦးက ပြောပါတယ်။
"ကားနဲ့အသွားမှာ ၁၃ ယောက် အဖမ်းခံလိုက်ရတာ။ နှစ်ယောက်ကို ဆက်ဖမ်းထားပြီး ကျန်တဲ့သူ တွေတော့ ပြန်လွတ်လိုက်တယ်။ ပြန်လွတ်လာသူရဲ့ပိုက်ဆံတွေ ဖုန်းတွေ ပြန်မပေးဘူး သိမ်းထားပြီး လူပဲပြန်လွတ်လိုက်တာ"
ကိုသားပုနဲ့ မဝေဝေခိုင်တို့ နှစ်ဦးကို ကလေးဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကို ဖမ်းဆီးခေါ်သွား တယ်လို့လည်း မျက်မြင်တွေ့လိုက်ရသူတွေက ပြောပါတယ်။
သူတို့နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးသလို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်က မနွယ်နီခိုင်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ ပင်မသပိတ်ဦးဆောင်သူတွေက ပြောပါတယ်။
ကလေးမြို့မှာ နိုဝင်ဘာ ၁၁ ရက်ကနေ ဒီဇင်ဘာ ၇ ရက် ဒီကနေ့အထိ ရက်နှစ်ဆယ်ကျော် ကာလအတွင်း ကိုသားပုနဲ့ မဝေဝေခိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံထားရသူ ၃၇၂ ဦးရှိတယ်လို့ ကလေးမြို့ ပင်မသပိတ်ဦးဆောင်သူတွေရဲ့ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။