ဦးဖြိုးဇေယျာသော်ရဲ့ အမဖြစ်သူ ဒေါ်ခင်ပပသော် ထပ်မံဖမ်းဆီးခံရ
2021.11.19
ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ရဲ့ အမဖြစ်သူ ဒေါ်ခင်ပပသော်ဟာ ဒီနေ့ မနက် ၈ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ မခင်ပပသော်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်း နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သူကဆိုပါတယ်။
"မခင်ပပသော် အိမ်နားမှာနေတဲ့ ကျနော့်သူငယ်ချင်းက ပြောတယ်။ ဇေယျာသော် အမကို ဒီမနက် ၈ ခွဲလောက်မှာ အိမ်ပေါ်ထိ လာတက်ဖမ်းသွားတယ်။ လာဖမ်းတဲ့အချိန်မှာလည်း လမ်းကို စစ်ကားတွေနဲ့ ပိတ်ထားတယ်။ စစ်သားအင်အားလည်းများတယ်။ အဲဒီလို လာဖမ်းပြီးကတည်းက အခုထိ သူတို့အိမ်မှာ လူဝင်လူထွက် မတွေ့ရတော့ဘူး"
အသက် ၄၀ အရွယ် ဒေါ်ခင်ပပသော်ဟာ ပြီးခဲ့တဲ့ဧပြီလကလည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ အပြင် အခုတစ်ခေါက်ကတေ့ာ ဒုတိယအကြိမ်မြောက် ထပ်မံဖမ်းဆီးခံရတာပါ။
ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ ဒေါ်ခင်ပပသော်ရဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ဒေါ်ခင်ပပသော်ဟာ ပထမအကြိမ် အဖမ်းခံရချိန်က ဆန္ဒပြသူတွေကို ကူညီမှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကိုလည်း နိုဝင်ဘာလ ၁၉ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာနှင်းဆီအိမ်ရာမှာ စစ်တပ်နဲ့ရဲက ဖမ်းဆီးခဲ့ပြီးနောက် သူ့ရဲ့အစ်မဖြစ်သူ ဒီနေ့ ဆက်လက်ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။