နမ့်အွန်ကျေးရွာက လူစာရင်းနဲ့ အချက်အလက်တွေကို တပ်မတော် စစ်ဆေးနေ
2018.10.02
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က ကားလမ်းပိတ်ဆို့ပြီး ဆက်ကြေးကောက်ခံခဲ့တဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်အွမ်ကျေးရွာမှာ နေထိုင်တဲ့သူတွေရဲ့ အိမ်ထောင်စုနဲ့ ခရီးသွားလာမှုစာရင်းတွေကို အစိုးရတပ်မတော်က စစ်ဆေးနေတယ်လို့ နမ့်အွန်ကျေးရွာဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မနက်ကစပြီး နမ့်အွမ်ရွာဈေးမှာ ရွာသားတွေကိုစုခေါ်ပြီး နေအိမ်မှာရှိတဲ့ လူဦးရေနဲ့ ခရီးသွားတဲ့သူတွေ ရှိသလားဆိုပြီး စစ်ဆေးနေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
"ဒီမနက် ၆ နာရီလောက်ကနေ စစစ်တာပဲ၊ မနေ့က စစ်မယ်လို့ သူတို့ပြောတာ မစစ်ဖြစ်ဘူး၊ ဒီမနက် ဆယ်အိမ်ခေါင်းတွေ ရွာတွေမှာ လှည့်ပတ်ပြီးတော့ ပြန်ပြောတာ၊ သူတို့ တအာင်းဘက်ကိုတော့ အကြောင်းကြား ထားတယ်တဲ့၊ တခြားဘာမှ မပြောပါဘူး၊ သူတို့က ဒီမှာလူဘယ်နှစ်ယောက်ရှိကြောင်း ပြီးရင် ခရီးသွားတဲ့ အကြောင်း၊ အဲလိုပဲ ဘာမှတော့ မမေးပါဘူး၊ ဒီအတိုင်း စာရင်းကောက်ရုံပဲရှိတာ"
နမ့်အွမ်ကျေးရွာဟာ အိမ်ခြေ ခြောက်ရာကျော်လောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး မူဆယ်-ကွတ်ခိုင် ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာကြီးတစ်ခုဖြစ်ပါတယ်။
ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေအပြင် ဂေါ်ရခါး၊ တရုတ် စတဲ့လူမျိုးတွေလည်း နေထိုင်ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နမ်အွမ်ကျေးရွာကို ဖြတ်သန်းသွားတဲ့ ခရီးသွားကားတွေထံကနေ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA က ငွေကြေးကောက်ခံခဲ့တာကြောင့် တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း နမ့်အွမ်ကျေးရွာက ရွာသားတွေအနေနဲ့တောင်ပေါ်က လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်နေသလားဆိုပြီး အခုလိုပဲ ရွာသားတွေကို စစ်ဆေးခဲ့တာရှိတယ်လို့ဒေသခံကပြောပါတယ်။
ဒီကနေ့စစ်ဆေးတာမှာတော့ ဘာကြောင့်စစ်ဆေးတယ်ဆိုတာကို တိတိကျကျမပြောဘဲ အိမ်ထောင်စုနဲ့ လူဦးရေစာရင်းသာ ကောက်ခံသွားတာဖြစ်တယ်လို့ဆိုပါတယ်။
မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူကတော့ အခုလိုကောက်ခံမှုကို မသိရှိရကြောင်းနဲ့ ဒီလိုကောက်ခံမှုအတွက် အကြောင်းကြားထားတော့ မရှိသေးဘူးလို့ပြောပါတယ်။
တပ်ဘက်က အခုလိုအိမ်ထောင်စုနဲ့ လူဦးရေစားရင်တွေ ကောက်ခံတာကြောင့် ရွာသားတွေကြားမှာ စိုးရိမ်မှုတွေရှိနေပြီး အိမ်ထောင်စုစာရင်းမရှိတဲ့သူတွေကတော့ စားရင်းမပေးရဲတာတွေရှိတယ်လို့လည်း ဒေသခံကပြောပါတယ်။