တန့်ဆည်မှာ စစ်တပ်ကရွာကိုမီးရှို့နေလို့ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံတွေပြော
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီကုန်းရွာက နေအိမ်တွေကို စက်တင်ဘာ ၂၃ ရက် ဒီနေ့မနက် ၉ နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဝင်ရောက်မီးရှို့နေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တွေလို့ နာမည်ထွက်နေတဲ့ ရဲတပ်ဖွဲ့မိသားစုဝင် ငါးဦး စက်တင် ဘာ ၂၂ ရက် မနေ့ည ၁၀ နာရီဝန်းကျင် နေအိမ်မှာပဲ အသတ်ခံလိုက်ရပြီးနောက် ဒီနေ့မှာ စစ်ကောင်စီတပ် သားတွေ ရွာကိုရောက်လာကြတာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အသတ်ခံရတဲ့အထဲက ဦးရဲမြင့်ဟာ ၂၄ ဦးပါတဲ့ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ကို ဦးဆောင်နေသူ ဖြစ်ပြီး သမီးနဲ့ သားမက်ဖြစ်သူတို့ဟာလည်း စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတွေဖြစ်တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဒီသတ်ဖြတ်မှုကို သူတို့အဖွဲ့ကလုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
ဦးရဲမြင့်နဲ့အတူ ဇနီး၊ သမီးဖြစ်သူနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် မြေးနှစ်ဦးပါ သေဆုံးခဲ့ပြီး ဒီသတ်ဖြတ် မှုကို ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။
ကျီကုန်းရွာထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအပေါ် တုံ့ပြန်မှုရရှိဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။