ဘုရားလှရွာသားတစ်ဦး အသတ်ခံရတယ်လို့ ဒေသခံတွေပြော

2021.09.09
ဘုရားလှရွာသားတစ်ဦး အသတ်ခံရတယ်လို့ ဒေသခံတွေပြော တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာမှာ ၂၀၂၀ စက်တင်ဘာ ၁၀ ရက်နေ့က NLD ပါတီ မဲဆွယ်နေစဥ်
Photo: CJ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာက အသက် ၃၆ နှစ်အရွယ် ကိုမိုး ကို စစ်ကောင်စီ တပ်သားတွေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ကတည်းက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာ ၈ ရက် မနေ့မှာတော့ ရွာထိပ်ကိုပြန်ခေါ်လာပြီး သေနတ်နဲ့ နှစ်ချက် ပစ်သတ်လိုက်ကြတယ်လို့ ဘုရားလှရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားခဲ့တာဖြစ်ပြီး သုံးပတ်နီးပါးအကြာ မနေ့ည ၁၁ နာရီလောက်မှာ စစ်သားအချို့ ဆိုင်ကယ်နဲ့ ကိုမိုးကို ပြန်ခေါ်လာပြီး ရွာထိပ်မှာ ပစ်သတ်ထားခဲ့ တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြင်းခြံက စစ်သားတွေရောက်လာပြီး ဖမ်းသွားတာ၊ ဒလံက တိုင်တာပေါ့၊ သြဂုတ်လ ၃၀ ရက်နေ့က ကိုမိုးကို လက်ပြန်ကြိုးတုတ်ပြီး ရွာကိုခေါ်လာကြတယ၊ အိမ် (၂၀) လောက်ကို လိုက်ပြခိုင်းတယ်၊ အဲဒါ ပြီးတော့ မနေ့ညက ရွာထိပ်မှာ ပစ်သတ်ပြီး အလောင်းထားခဲ့တယ်၊ သူကစိုက်ပျိုးရေးလုပ်တဲ့သူပါ၊ အာဏာသိမ်းလို့ တော်လှန်တဲ့အထဲလည်းမပါဘူး၊ ကျေးရွာက NLD ပါတီ ဦးဆောင်သူတွေနဲ့ ရင်းနှီး တာပဲရှိတာ” လို့ ဒေသခံက ဆိုပါတယ်။

ဘုရားလှရွာဟာ တောင်သာမြို့နဲ့ (၆) မိုင်ခန့်သာဝေးတဲ့ရွာဖြစ်ပြီး လူဦးရေ ၂၀၀၀ ကျော်ရှိတဲ့အနက် အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ထောက်ခံသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာတော့ ဘုရားလှကျေးရွာက ရွားသားအချို့ ရှောင်တိမ်းနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကိုမိုး အဖမ်းခံရပြီး အခုလိုပစ်သတ်ခံရတဲ့ကိစ္စအပေါ် စစ်ကောင်စီဘက်က တစ်စုံတရာ ထုတ်ပြန်တာလည်း မရှိသေးပါဘူး။

RFA အနေနဲ့လည်း စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။