တောင်တွင်းကြီး တောင်လျောင်း(ရွာမ)ရွာ ပစ်ခတ်မှု နှစ်ဦးသေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်း(ရွာမ) ကျေးရွာမှာ စက်တင်ဘာလ ၁၂ ရက် မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ညီအစ်ကို နှစ်ဦးသေဆုံးသွားပြီး လေးဦးကို လည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် (၄၀) အရွယ် ကိုမြတ်စိုးနဲ့ အသက် (၂၀) အရွယ် ကိုပြည့်ကြီးတို့ ညီအကို ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စက်တင်ဘာ ၁၁ ရက်နေ့က ဖျက်ဆီးခံရတဲ့ ကုက္ကိုကုန်းရွာနားက မိုင်တယ် (Mytel) တာဝါတိုင်ကိစ္စ လာစစ်တဲ့ စစ်ကောင်စီတပ်သားတွေကို ရွာထဲမှာ PDF တွေရှိတယ်ဆိုပြီး ရွာရဲ့ဒလန်တွေက မဟုတ်မမှန် သတင်းပေးတာ၊ အဲမှာ စစ်သားတွေရောက်လာတော့ ဒေသခံတွေကကြောက်ပြီး ပြေးကြချိန်မှာ ပစ်တာ၊ ရွာခံညီအစ်ကို နှစ်ဦးသေတယ်၊ လေးဦးကိုလည်း ဖမ်းသွားတယ်၊ အဖမ်းခံရသူတွေရဲ့ အခြေအနေတော့ မသိဘူး” လို့ ဒေသခံက ဆိုပါတယ်။
တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်း (ရွာမ) ကျေးရွာမှာ အိမ်ခြေ (၂၅၀) ဝန်းကျင်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ရွာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် တောင်လျောင်း(ရွာမ) ကျေးရွာအနီးက တောင်လျောင်း (ဘူတာ) ကျေးရွာ၊ အိုးပေါက်ကျေးရွာ၊ နှစ်ကျပ်ခွဲကျေးရွာနဲ့ ကုက္ကိုကုန်းကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ပုန်းနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
တောင်လျောင်း(ရွာမ) ရွာထဲကို ဝင်ရောက်ပစ်ခတ်မှုကိစ္စအပေါ် စစ်ကောင်စီရဲ့ တုံ့ပြန်မှုကိုသိရဖို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ် ပါတယ်။