မြင်းခြံမှာ စစ်တပ်က ဖမ်းသွားတဲ့ လူငယ်တစ်ဦး သေဆုံး

2021.09.22
မြင်းခြံမှာ စစ်တပ်က ဖမ်းသွားတဲ့ လူငယ်တစ်ဦး သေဆုံး မြင်းခြံမြို့မှာ ၂၀၂၁ မတ်လ ၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြစဥ်
Photo: CJ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ လူငယ်ခြောက်ဦးထဲမှ အသက် ၂၄ နှစ်အရွယ် ကိုစိုးမောင်မောင်ဟာ သုံးရက်အကြာ စက်တင်ဘာလ ၁၇ ရက် နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ကိုစိုးမောင်မောင် အရက်ကြောင်ကြောင့် သေသွားတယ်ဆိုပြီး စစ်ကောင်စီက မိသားစုကို အကြောင်းကြား တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
“အမှတ် (၁၉) နယ်မြေ၊ (၁) ရပ်ကွက်မှာ ၁၄ ရက်နေ့တုန်းက စစ်ကောင်စီတပ်သားတွေ တစ်အိမ်တက် ဆင်း လိုက်ရှာတယ်၊ ပြီးတော့ လူငယ်ခြောက်ဦး အဖမ်းခံလိုက်ရတယ်၊ လက်နက်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသွားတာ၊ အဖမ်းခံရတဲ့အထဲက ကိုရဲထွဋ်ဝင်း ဆိုရင် ဒူးထောက်လက်ပြန် ကြိုးတုပ်ပြီး ထမင်းမကျွေးဘဲ နှိပ်စက်နေတယ်ကြားရတယ်၊ ဖော်ကောင်လုပ်တဲ့သူကတော့ သက် သာတယ်၊ သေသွားတဲ့တစ်ယောက်ဆို အလောင်းလည်းပြန်မရဘူး” လို့ ဒေသခံက ဆိုပါတယ်။
 
အဖမ်းခံလိုက်ရတဲ့ ခြောက်ဦးထဲက သေဆုံးသွားတဲ့ ကိုစိုးမောင်မောင် အပါအဝင် လေးဦးကို မြင်းခြံမြို့က စစ်တပ်မှာ ဖမ်းဆီးထားတာဖြစ်ပြီး ကျန်တဲ့နှစ်ဦးကိုတော့ ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
ဇူလိုင်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီက ဖမ်းသွားတဲ့ ဦးမောင်ဌေး နှလုံးရောဂါနဲ့ မြင်းခြံအကျဉ်းထောင် ထဲမှာ သေဆုံးသွားပြီဆိုပြီး ဩဂုတ်လ ၉ ရက်နေ့မှာမှ မိသားစုကို အကြောင်းကြားခဲ့တာရှိခဲ့ပါတယ်။
 
မြင်းခြံမြို့နယ်မှာ စစ်ကောင်စီကို ဆန့်ကျင်တာကြောင့် ဒေသခံတွေ ဖမ်းဆီးခံရတဲ့ကိစ္စတွေ ခပ်စိပ်စိပ် ဖြစ်လာသလို စစ်ကောင်စီသတင်းပေးဒလံတွေ သတ်ဖြတ်ခံရတာလည်းများတဲ့မြို့ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။