မိတ္ထီလာမှာ ဆိုင်ကယ်စီးလာသူနှစ်ဦး ပစ်ခတ်ခံရလို့ တစ်ဦး သေဆုံး

2022.02.24
မိတ္ထီလာမှာ ဆိုင်ကယ်စီးလာသူနှစ်ဦး ပစ်ခတ်ခံရလို့ တစ်ဦး သေဆုံး မိတ္ထီလာမြို့မှာ သွားလာနေသူတွေကို ၂၀၂၁ ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဥ်
Photo: RFA

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက် မနေ့ညနေက ဆိုင်ကယ်စီးလာတဲ့ အမျိုးသား နှစ်ဦးကို စျေးအနီးက အင်း၀ဘဏ်မှာစောင့်နေတဲ့ စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့ ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအမျိုးသားနှစ်ဦးဟာ လ္ဘက်ရည်ဆိုင်ကနေ ဆိုင်ကယ်နဲ့အပြန်မှာ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ယောက်က နေရာမှာတင် သေသွားတယ်။ တစ်ယောက်ကတော့ လွတ်သွားတယ်။ လ္ဘက်ရည် ပါဆယ်ထုပ်ကလေးတောင်ပါတယ်။ သေဆုံးသူတွေက ဘယ်သူလဲဆိုတာတော့ မသိသေးဘူး"

မိတ္ထီလာမြို့မှာ အင်း၀ဘဏ်အပါအဝင် နေရာအချို့မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေး ချထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

မနေ့က စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်းအတွင်းက မြို့နယ်တွေအပါအဝင် ဆိုင်ကယ်အသုံးပြုတဲ့ မြို့အများစုမှာ အမျိုးသား နှစ်ယောက် ဆိုင်ကယ်မစီးရ၊ အမျိုးသမီးနောက်က အမျိုးသားလိုက်မစီးရ အပါအဝင် စည်းကမ်းချက်အသစ်တွေကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။