ရသေ့တောင်မှာ တပ်မတော်သားသုံးဦး အဓမ္မပြုကျင့်တဲ့အမှု ဒီဇင်ဘာ ၁၁ ရက် အမိန့်ချမည်
2020.12.03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဦးဂါကျေးရွာက ကလေး လေးယောက်မိခင်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သား သုံးယောက်ကို ဒီနေ့ စစ်တွေမြို့က တပ်ပိုင် လေးဝတီပညာရေးရိပ်သာမှာ တပ်မတော်အကျဉ်းစစ်တရားရုံး ဖွင့်လှစ်ပြီး ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။ သူတို့သုံးယောက်ကို တပ်ပိုင်းဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ပြီး လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အမိန့်ချမယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။
ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့က ကလေး လေးယောက်မိခင် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား သုံးယောက်ထဲက တစ်ယောက်ကို အရပ်ဘက် ပြစ်မှု ဥပဒေပုဒ်မ ၃၇၆ နဲ့ ၃၆၆ တို့အတွက် တပ်မတော်အက်ဥပဒေပုဒ်မ ၇၁ နဲ့ တပ်မတော် ဥပဒေပုဒ်မ ၃၅(င) တို့နဲ့ စစ်တရားရုံးက ဒီနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ စွဲချက်တင်လိုက်ပါတယ်။
ကျန်တဲ့ နှစ်ယောက်ကိုလည်း အရပ်ဘက်ပြစ်မှု ဥပဒေပုဒ်မ ၃၇၆ နဲ့ ၃၆၆ အတွက် တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၁ နဲ့ စွဲချက်တင်လိုက်တာပါ။
တပ်မတော်သား သုံးဦးလုံးက သူတို့ကျူးလွန်ခဲ့တာကို တရားရုံးမှာ ဝန်ခံတယ်လို့ အမှုသည်ရဲ့ ရှေ့နေ Legal Clinic Myanmar ဥပဒေကုစားရေးရုံးက ဒေါ်မြသူဇာက ပြောပါတယ်။
“ဒီနေ့မှာဆိုလို့ရှိရင် စစ်တွေမြို့ အကျဉ်းစစ်တရားရုံးမှာ တပ်မတော်သားသုံးဦးကို စစ်ဆေးပါတယ်။ အကျဉ်း နည်းနဲ့ စစ်ဆေးတယ်ပေါ့နော်။ ကျွန်မတို့အပြင်ကရှေ့နေတွေပါတယ်။ ပြီးတော့တရားလိုပါတယ်။ နောက် တခြားသက်သေတွေပါပါတယ်။ စစ်ဆေးတဲ့အခါမှာ တပ်မတော်သား သုံးဦးက ဝင်ခံပါတယ်။ ဝင်ခံတဲ့အ တွက် သူတို့သုံးဦးလုံးကို စွဲချက်တင်ပါတယ်။ တပ်မတော်သားတစ်ဦးကိုကျတော့ စွဲချက်သုံးခုနဲ့ တင် တယ်။ ကျန်တဲ့တပ်မတော်သား နှစ်ဦးကိုကျတော့ စွဲချက်နှစ်ခုနဲ့တင်ပါတယ်”
တပ်မတော်အက်ဥပဒေပုဒ်မ ၇၁ဟာ ထောင်ဒဏ် ၇ နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်ပြီး တပ်မတော် ဥပဒေပုဒ်မ ၃၅(င) ကတော့ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဒေါ်မြသူဇာ က ပြောပါတယ်။
ကာယကံရှင်အမျိုးသမီးကတော့ ဒီအမှုကိုအမြန်ဆုံးပြီးစေချင်ပြီး အခုချိန်ထိလည်း အမျိုးသားဖြစ်သူရဲ့ လျစ်လျူရှုထားတာကို ခံနေရတယ်လို့ RFA ကိုပြောပါတယ်။
“ကျွန်မကလည်း ဒီတရားတစ်ခု အမြန်ဆုံးပြီးစီးမလဲ၊ အောင်မြင်မလဲဆိုတာကို ကျွန်မအိမ်ရာဝင်တိုင်း အမြဲတမ်း ဆုတောင်းနေပါတယ်။ ဒီကိစ္စတစ်ခုပြီးမြောက်သွားတဲ့အချိန်မှာ ကျွန်မမှာလည်းစားရေးနေ ရေးအတွက် စဉ်းစား ဆုံးဖြတ်တော့မယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မအမျိုးသားကိုလည်း ဒီအတိုင်း သာဆိုရင် အားကိုးရဖို့မမြင်တော့ ဘူး။ အဲဒီကိစ္စဖြစ်ပြီးကတည်းက အခုချိန်ထိ ကျွန်မပေါ်မှာ ခွင့်လွှတ် နားလည်မပေးနိုင်သေးဘူး။ စကားလည်း တစ်ခွန်းမှမပြောဘူး။ အဆက်အသွယ်မရတာတော့ မဟုတ်ဘူး သူ့သားသမီးတွေနဲ့တော့ ဖုန်းရတယ်။ ကျွန်မက တော့ပြောပိုင်ခွင့်မရှိဘူး။ တခါတလေကျရင် သားသမီး တွေက ပိုက်ဆံနည်းနည်းပါးပါးတောင်းတယ်။ ဒါပေမဲ့ သူပိုက်ဆံလွှဲပေးမယ့် ကိစ္စကိုမပြောဘူး”
ဒါဟာ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်နှစ်နီးပါးအကြာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအတွင်း ပထမဆုံး တရားရုံးအထိ ရောက်လာတဲ့အမှုပါ။
အမှုဖြစ်ကတည်းက အခုအချိန်အထိလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဒေါ်ညိုအေးကတော့ ပြစ်မှုကျူးလွန် တဲ့သူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးစေချင်တယ်လို့ RFA ကိုပြောပါတယ်။
“ဒါက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ရိုက်ချိုးလိုက်တာ။ သူတစ်ယောက်တည်း မဟုတ် ဘူး။ သူ့မှာမွေးထား တဲ့ သားသမီးလေးယောက်လုံး။ သူနဲ့တစ်သက်လုံး ပေါင်းလာတဲ့ သူ့အမျိုးသားက သူ့ကို ဂရုလုံးဝမစိုက်တော့တဲ့ အထိ ဘဝပျက်သွားရတဲ့ အမျိုးသမီးတစ်ယောက်။ သူ့ဘဝကိုဘယ်လိုရင်ဆိုင်မလဲ။ ဒီလောက်ဒုက္ခရောက်သွားတဲ့ လူတစ်ယောက်ရဲ့ နောက်ကွယ်မှာတော့ သူ့ရဲ့ပြစ်ဒဏ်ကိုတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုတော့ ချမှတ်ပေးသင့် တယ်လို့ ကျွန်မတို့တောင်းလည်း တောင်းဆိုတယ်။”
ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်က အမျိုးသမီးတွေကို အဓ္ဓပြုကျင့်မှုတွေ အများအပြားရှိပေမယ့် ကာယကံ ရှင်တွေကိုယ်တိုင်က ကြောက်လန့်နေတဲ့အတွက် မပြောရဲကြဘူးလို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့ရဲ့ ဒါရိုက် ဦးဦးမြတ်ထွန်းက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ရခိုင်မှာ အခုလိုမုဒိမ်းကျင့်ခံရတာကျတော့ အရင်တုန်းကလည်းရှိတော့ရှိတယ်။ ဒါပေမဲ့ ကြောက်လန့်ပြီးတော့ မပြောရဲမဆိုရဲဖြစ်နေပါတယ်။ အခုခါကျတော့ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာ မှာ ဖြစ်ခဲ့တဲ့အမျိုးသမီးကျတော့ ကိုယ်တိုင်မခံမရပ်နိုင်ပြီး ဖွင့်ဆိုပြီးတော့လုပ်တာမျိုးတစ်ခုတွေ့ရပါတယ်။ ဒါကတော့ မြန်မာတပ်မတော်သားတွေရဲ့ မုဒိမ်းမှုကျူးလွန်တာကို ကျွန်နော်တို့ဖော်ထုတ်တာကတာ့ ပထမဆုံးအကြိမ်ပါပဲ။”
ဦးဂါရွာအမှုအတွက် တပ်မတော်ဘက်က ဘယ်လိုပြစ်ဒဏ်တွေချမှတ်သွားမလဲ၊ နောင်မှာ ဒီလိုဖြစ်ရပ်တွေ မရှိအောင် ဘယ်လိုကြပ်မတ်သွားမလဲဆိုတာတွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ပါဘူး။
အလားတူ ဖြစ်စဉ်တွေ နောင်မှာ မဖြစ်ရအောင် တပ်ပိုင်းဆိုင်ရာက ဘာတွေပြုပြင်သင့်လဲလို့ RFA က မေးမြန်းရာမှာ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက အခုလို မှတ်ချက်ပေးပါတယ်။
“တပ်မတော်မှာလည်း ဥပဒေနဲ့ပတ်သက်ရင် အရင်ကထက်စာရင် ပိုပြီး တိတိကျကျ လုပ်နေတာတွေ့ရ သလို၊ အသိပညာပေးတဲ့သင်တန်းတွေလည်း အရင်ကထက်စာရင် ပိုပြီးတိုးချဲ့လုပ်နေတာ တွေ့ရပါတယ်။ အခုဆို တပ်မတော်အရာရှိတစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ ဥပဒေနဲ့ဆိုင်တဲ့ ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတာတွေ့ရပါတယ်။ အဲအတွက် ဒါက တပ်မတော်မှာ အရင်ကထက်စာရင် ဥပဒေ နဲ့ပတ်သက်ပြီး ပိုမိုနားလည်သဘောပေါက်လာတဲ့ အနေအထားတွေ့ရပါတယ်။ ပြစ်မှုကျူးလွန်ပြီ ဆိုရင်လည်း ဒီလိုပါပဲ၊ တိတိကျကျ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။”
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ ကလည်း ဘယ်လောက်ထိ အရေးယူမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
“အဓိကလိုအပ်တာက တရားမျှတမှုနဲ့ တာဝန်ခံမှု တာဝန်ယူမှုပေါ့နော် ဒါက တစ်ပိုင်း၊ နောက်တစ်ခုက တကယ်လို့ စီရင်ချက်ချပြီးပြီဆိုသော်ငြားလည်း ခံနေရတဲ့ အမျိုးသမီးအတွက် ဘယ်လိုတာဝန်ယူမှု တာဝန်ခံမှုရှိမလဲဆိုတာလည်း ကျမတို့ အခုထိ မကြားရသေးဘူး၊ ကျမတို့ စောင့်ကြည့်နေတုန်းပဲ၊ နောက်တစ်ပိုင်းကကျတော့ တပ်မတော်အက်ဥပဒေအရ ဒါမျိုးတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာ သူတို့ပြန်လည်ပြင်ဆင်သင့်တယ်။ နောက်တစ်ခုက ဂျနီဗာကွန်ဗန်းရှင်းအရ ဒီလိုမျိုး စစ်ပွဲတွေ ကြားမှာ ဘယ်လိုကာကွယ်မှုတွလုပ်ရမလဲ၊ ဘယ်လိုကြိုတင်တားဆီးရမယ်ဆိုတဲ့အပိုင်းတွေ အများကြီး ရှိတယ်၊ ဒါမျိုးတွေက လက်တွေ့အကောင်အထည်ဖော်သင့်တယ်။”
အဲဒီတပ်မတော်သားသုံးဦး ကျူးလွန်ခဲ့တဲ့ ဒီမုဒိမ်းမှုဖြစ်စဉ်ကို ဇူလိုင်လ ၃ ရက်နေ့မှာ RFA က သတင်းထုတ် လွှင့်ခဲ့ပါတယ်။ အဲဒီနောက် ကာယကံရှင် အမျိုးသမီးကိုယ်တိုင်ကလည်း ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သား တွေကို အရေးယူဖို့ စစ်တွေမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ - မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ - အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ဖို့ အားပေးမှုစတဲ့ ပုဒ်မသုံးခုနဲ့ ဇူလိုင်လ ၁၀ ရက်နေ့က တိုင်ချက်ဖွင့်ခဲ့တာပါ။
ဒီဖြစ်စဉ် သတင်းစတင်ထွက်ပေါ်လာချိန်မှာတော့ တပ်မတော်ဘက်က ငြင်းဆိုခဲ့ပေမယ့် စတင်ဘာလ ၁၆ ရက်နေ့မှာတော့ အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သားသုံးဦးက ကျူးလွန်ခဲ့တာကိုဝန်ခံထားပြီး ပြင်းပြင်း ထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။