မုန်းမှာ စစ်သား နှစ်ဆယ်ခန့် လက်နက်ချ

RFA Burmese
2023.12.06
မုန်းမှာ စစ်သား နှစ်ဆယ်ခန့် လက်နက်ချ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲတွင် PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ပုံကို တွေ့ရစဉ်။
Ministry of Defence - NUG

ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့က ပဲခူးတိုင်း၊ မုန်းမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် အင်အား နှစ်ဆယ်ခန့် လက်နက်ချခဲ့တယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။

အမှတ် (၅၉၀) ခြေမြန်တပ်ရင်းမှာ တပ်စွဲထားတဲ့ အမှတ် (၈၄) ခြေလျင်တပ်ရင်းက ဗိုလ်မှူး ကျော်လတ်ခိုင်နဲ့ ဗိုလ်ကြီးနှစ်ဦး အပါအဝင် တပ်သား ၁၉ ဦးဟာ လက်နက်ချခဲ့တာလို့ ဖော်ပြထားပါတယ်။

တပ်ဝင်းထဲမှာရှိနေတဲ့ တပ်မိသားစုဝင် ၄၂ ဦးကိုလည်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက စစ်သုံ့ပန်းဥပဒေနဲ့အညီ စောင့်ရှောက် ပေးထားတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၅ ရက် ထုတ်ပြန်ချက်မှာတော့ မုန်းမြို့ နယ်မြေခံတပ်ရင်းက မိသားစုဝင်တွေကို ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းအကူအညီနဲ့ ဘေးကင်းတဲ့နေရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ တစ်လကျော်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ပြည်နယ်ငါးခုမှာ စစ်ကောင်စီဘက်က တပ်ရင်း နှစ်ရင်း အပါအဝင် လက်နက်ချတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ငါးရာကျော် ရှိလာပါပြီ။

ရှမ်းပြည်နယ်မှာ ၃၅၄ ယောက်၊ ချင်းပြည်နယ်မှာ ခုနစ်ယောက်၊ မွန်ပြည်နယ်မှာ ၂၃ ယောက်၊ ကယားပြည်နယ်မှာ ၄၇ ယောက်နဲ့ ရခိုင်ပြည်နယ်မှာ ၃၀ ကျော် ဖြစ်ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ် ရိခေါ်ဒါရ်တိုက်ပွဲအပြီးနဲ့ သီးဘွာလ်တပ်စခန်းကို ချင်းကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ပြီးချိန်မှာလည်း နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဆယ်ကျော်ကို အိန္ဒိယနယ်ခြားစောင့်တပ်က လက်ခံထားကြောင်း အိန္ဒိယအခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ၊ RFA က စုံစမ်းမေးမြန်းချက်တွေအရ ငါးဦးနဲ့အထက် လက်နက်ချသူ၊ ဖမ်းမိသူအရေအတွက်ကိုသာ RFA က သီးခြားပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုများနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။