သပိတ်ကျင်းက CDM ကျောင်းဆရာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံး

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ အလယ်တန်းပြကျောင်းဆရာ ဦးဇော်မင်းအောင်ကို နိုဝင်ဘာလ ၁၇ ရက် မနေ့က ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ကို လာရောက်ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသွားတယ်လို့ ကြာညှပ်ရဲစခန်းက အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
CDM ဆရာ ဦးဇော်မင်းအောင်ဟာ ကျန်းမာရေးကောင်းမွန်သူဖြစ်လို့ ဒါဟာ လိမ်လည်ပြောဆိုတာသာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"နေ့လယ်ပိုင်းမှာ ရဲငါးယောက်ရောက်လာတယ်။ ပြောသံကြားတာတော့ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာလို့ ကြားတာပဲ။ ဆရာကိုလာဖမ်းကြတဲ့အချိန် မိသားစုက မရှိကြဘူး၊ တောအလုပ်သွားလုပ် နေကြတာ၊ အဲဒီမှာအိမ်ရှေ့ ရဲတွေရောက်လာတာမြင်တော့ အိမ်နီးချင်းတစ်ယောက်က ဆရာဆိုပြီး လှမ်းအော်လိုက်တော့ သူ့ကိုပါဖမ်းသွားတယ်။ ညနေရောက်တော့ ဆရာက ကိုဗစ်ကြောင့် နှလုံးရပ်ပြီး သေသွားတယ်။ အလောင်းကို အဝေးကနေပဲ ကြည့်ခွင့်ပေးတယ်။ မနေ့က နေ့ချင်းပဲ ကြာညှပ်ရွာ သင်္ဂြိုဟ်လိုက်ရတယ်"
ဆရာဦးဇော်မင်းအောင်ဟာ CDM ပြုလုပ်ထားပြီးတဲ့နောက် နေအိမ်ကနေ တိမ်းရှောင်နေခဲ့တာဖြစ်ပြီး အခုလပိုင်းအတွင်းမှာ နေအိမ်ကို ပြန်လည်ရောက်ရှိလာတာလို့ ဆိုပါတယ်။
သူနဲ့အတူ အိမ်နီးချင်း အမျိုးသားတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး သူကတော့ CDM ဆရာ ဦးဇော်မင်းအောင် သေဆုံးပြီးနောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆရာ ဦးဇော်မင်းအောင်ကို ဖမ်းဆီးသွားချိန်က နေအိမ်အတွင်းက ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ RFA ရဲ့ သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကြောရေးအတွင်း သေဆုံးသူ ၇၇ ယောက်ရှိသွားပြီဖြစ်ပါတယ်။