တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တချို့ကို နေအိမ်အကျယ်ချုပ်ပြောင်း
အာဏာသိမ်းစစ်အစိုးရက ဒီကနေ့ ဖေဖေါ်ဝါရီ ၂ ရက် မနက်ပိုင်းမှာ NLD အစိုးရဖွဲ့ပေးထားတဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နဲ့ တစ်ဖွဲ့လုံးကို ရာထူးက ဖယ်ရှားလိုက်တဲ့အကြောင်း တရားဝင်ကြေညာ လိုက်ပါတယ်။ အဲဒီအတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ မျိုးအောင်က စည်ပင်သာယာကော်မတီကပါ နုတ်ထွက်ရပါတယ်။ ဒါကြောင့် သူ့လက်အောက်မှာ တာဝန်ထမ်း ဆောင်နေတဲ့ ကော်မတီဝင် ခြောက်ယောက်ထဲမှာ ဦးမင်းသူ အပါအဝင် လေးယောက်ကပါ ဒီနေ့နေ့လယ်မှာ ထွက်စာတင်လိုက်ပါတယ်။ အခုနုတ်ထွက်သူအားလုံးကလည်း NLD ပါတီဝင်တွေဖြစ်ပါတယ်။
စစ်အစိုးရအောက်မှာ အလုပ်ဆက်မလုပ်ချင်တော့တာကြောင့် နုတ်ထွက်လိုက်တာလို့ ဦးမင်းသူက ပြောပါ တယ်။
မနေ့က ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အစိုးရဝန်ကြီးအိမ်ရာမှာရှိတဲ့ ခြံအမှတ် (၃၃) ကို ပြန်ပို့ပြီး နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းထားပါတယ်။ သမ္မတဦးဝင်းမြင့်ကိုလည်း အာဏာ သိမ်းချိန်က ခေါ်သွားတဲ့နေရာကနေ ပြောင်းလိုက်တယ်လို့သိရပေမယ့် ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီးထိန်းသိမ်းထားတယ်ဆိုတာကို အတိအကျမသိရပါဘူး။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အတော်များများ ကိုလည်း ဖမ်းခေါ်သွားတဲ့နေရာကနေ၊ ဝန်ကြီးချုပ်နေအိမ်တွေကို ပြန်ပို့ပြီး ပြင်ပနဲ့ဆက်သွယ်ရေးတွေ ဖြတ်ထားသလို၊ သုံးရက်အတွင်း အဲဒီအိမ်တွေကနေဖယ်ဖို့ စစ်အစိုးရကညွှန်ကြားထားပါ တယ်။
ဒါကြောင့် ဒေါက်တာဇော်မြင့်မောင်ရဲ့ဇနီး ဒေါက်တာဒေါ်ယုယုမေက အိမ်ပြောင်းဖို့ပစ္စည်းတွေ သိမ်းနေတယ် လို့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်လိုပဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တို့လည်း စစ်တပ်ကခေါ်သွားတဲ့နေရာကနေ ဝန်ကြီးချုပ်နေအိမ်တွေ ဒီကနေ့ ပြန်ပို့လိုက်ပြီး၊ သုံးရက်အတွင်း ဖယ်ရှားပေးဖို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့် အဲဒီအိမ်ကနေပြောင်းဖို့ ပြင်ဆင်နေတယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ်က သူ့ရဲ့ဖေ့စ်ဘွတ် စာမျက်နှာကနေ ပြည်သူကို အသိပေးထားပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ သူ့လက်အောက်က ဝန်ကြီးတချို့ကိုလည်း နေအိမ်အကျယ် ချုပ်နဲ့ ဆက်ထိန်းထားတယ်လို့သိရပါတယ်။
အလားတူ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်တွေ ရဲ့သတင်းတော့ မသိရသေးပါဘူး။
စီးပွားကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့် ကတော့ နေပြည်တော် အစိုးရဝန်ကြီးနေအိမ်ကနေ ချက်ချင်း ပြောင်းဖို့ ပြင်ဆင်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့် အပါအဝင် ကျန်အစိုးရဝန်ကြီးတွေလည်း ပျောက်ဆုံးနေဆဲပဲဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကေက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် တို့ကိုလည်း အဆက်အသွယ်မရသလို၊ သူတို့ကိုဘယ်မှာထိမ်းသိမ်းထားတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။
တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြန်လွှတ်ပေးနေပြီး၊ ပြည်ထောင်စုဝန်ကြီးတွေကိုလည်း မကြာခင် ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးမယ်လို့ အမည်မဖေါ်လိုတဲ့ တပ်မတော် ထိပ်တန်းအရာရှိတစ်ဦးကတော့ RFA ကို ပြောပါတယ်။ ဒါပေမဲ့ ပြန်လွှတ်မယ်ဆိုတာ နေအိမ်အကျယ်ချုပ်နဲ့ ထားမှာလား၊ လုံးဝလွတ်လပ်တဲ့သူတွေ အနေနဲ့ လွှတ်ပေးမှာလားဆိုတာ ရှင်းရှင်းလင်းလင်းမပြော ပါဘူး။
ဒီနေ့ ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်မြင်ကွင်းကို ပြောရမယ်ဆိုရင်တော့ ပြင်ပလူနေရပ်ကွက်တွေ လမ်းတွေမှာ လုံခြုံရေးအင်အား မနေ့ကလောက်မတွေ့ရတော့ဘဲ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်းသိမ်းထားတဲ့ စည်ပင်ဧည့်ရိပ်သာမှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အာဏာသိမ်းချိန်ကအတိုင်း ဆက်ပြီးချထားပါတယ်။ နေပြည်တော်အခြေစိုက် ကဗျာဆရာ၊ အစိုးရဝန်ထမ်း၊ ဈေးသည်တွေ အပါအဝင် အလွှာအသီးသီးကာတော့ ပြည်သူတွေ ရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေ ဖမ်းဆီးခံ ထားရတာကို စိုးရိမ်နေကြသလို အမြန်ဆုံး ပြန်လွတ်မြောက်စေချင်တယ်လို့ ပြောကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီလို့ ကြေညာလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် မနေ့ကတော့ ဆန်၊ ဆီစတဲ့ အခြေခံ စားသောက်ကုန်တွေ ဈေးတက်မှာ စိုးရိမ်ပြီး ဝယ်တာတွေများခဲ့ပေမယ့် ဒီနေ့တော့ ပုံမှန်အတိုင်းသာ ရောင်းဝယ်နေကြတယ်လို့ ဈေးသည်တွေက ပြောပါတယ်။ လက်ရှိ အချိန်အထိ ကုန်ဈေးနှုန်းတွေမတက်ဘဲ အရောင်းအဝယ် ပုံမှန်အတိုင်းပဲဖြစ်တယ်လို့ နေပြည်တော် သပြေကုန်းဈေးက ဈေးသည်တစ်ဦးက ပြောပါတယ်။
မကွေးတိုင်း ချောက်မြို့မှာတော့ NLD ရုံးကို ဒေသအာဏာပိုင်တွေက ဝင်ရောက်စီးနင်းတာ၊ မေးမြန်းစစ်ဆေး တာတွေလုပ်တယ်လို့ ပါတီဝင်တွေက ပြောပါတယ်။ မနေ့က ချိတ်ပိတ်ခံရတဲ့ ဧရာဝတီတိုင်း NLD ရုံးကိုတော့ ဒီနေ့ ပြန်ဖွင့်ခွင့်ပေးလိုက်ပြီး သိမ်းသွားတဲ့ ကွန်ပြူတာနဲ့ စာရွက်စာတမ်းတွေကို ပြန်ပေးခဲ့တယ်လို့ သိရပါ တယ်။