စစ်မှုပြန်ထမ်းခွင့်ပြုမယ်လို့ ကြေညာပြီးနောက် ခွင့်မဲ့နဲ့ စစ်ပြေးအကျဉ်းသားတချို့ ပြန်လွတ်

RFA Burmese
2023.12.07
စစ်မှုပြန်ထမ်းခွင့်ပြုမယ်လို့ ကြေညာပြီးနောက် ခွင့်မဲ့နဲ့ စစ်ပြေးအကျဉ်းသားတချို့ ပြန်လွတ် ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ အကျဉ်းထောင်ကို တွေ့ရစဉ်။
Ko Chit

တပ်ကနေ ခွင့်မဲ့ပျက်ကွက်သူတွေ၊ စစ်ပြေးတွေအနေနဲ့ စစ်မှုပြန်ထမ်းမယ်ဆိုရင် လက်ခံသွားမယ့်အကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၄ ရက်နေ့က ကြေညာလိုက် ပြီးနောက် ဒီနေ့မှာတော့ အကျဉ်းထောင်ထဲက ခွင့်မဲ့နဲ့ စစ်ပြေးအဖြစ် ထောင်ကျနေ သူတွေကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်ကနေ စစ်စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ အကျဉ်းကျနေတဲ့ အသက် ၂၅ နှစ်ကနေ ၅၀ နှစ်အတွင်းရှိတဲ့ အမျိုးသား ၁၇ ဦးကို အမျိုးသားအောင်ပွဲနေ့ဖြစ်တဲ့ ဒီနေ့ ဒီဇင်ဘာ ၇ ရက်မှာ လွှတ်ပေးခဲ့တာလို့ ပေါင်းတည်အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“လွတ်ရက်နီးတဲ့သူတွေရော၊ ဝေးတဲ့သူတွေရော အကုန်ခေါ်တာ ထောင်ပြင်ရောက်ပြီ အခု။ လွတ်ငြိမ်းချမ်းသာလို ပုံစံမျိုး မဟုတ်ဘူး။ ဒီအတိုင်းလွှ တ်ပေးတာ။ လွှတ်တာပဲ သိတယ်။ ဘာကြောင့်၊ ဘယ်လိုပုံစံနဲ့ လွှတ်ပေးတယ်ဆိုတာ မသိဘူး”

အခုလွှတ်ပေးလိုက်တဲ့ သူတွေဟာ သုံးနှစ်ကနေ ငါးနှစ်အထိ ထောင်ဒဏ်ကျခံနေရတဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ တခြား အကျဉ်းထောင်တွေမှာလည်း စစ်ပြေးတွေကို ပြန်လွှတ်ပေးတာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပေမယ့် RFA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ခွင့်မဲ့နဲ့ စစ်ပြေးတွေအပြင် စစ်မှုထမ်းဟောင်းတွေက တာဝန်ပြန်ထမ်းဆောင်ဖို့ တောင်းဆိုတွေရှိခဲ့တာကြောင့် နီးစပ်ရာတပ်တွေမှာ စစ်မှုပြန်ထမ်းတာကို လက်ခံမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့က ကြေညာခဲ့တာပါ။ ဒီအတွက် ဆက်သွယ်လာတဲ့လူ ထောင်နဲ့ချီရှိနေပြီလို့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၄ ရက်နေ့မှာ စစ်ကောင်စီပိုင် မီဒီယာတွေကတစ်ဆင့် ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်ကတော့ စစ်ကောင်စီအနေနဲ့ စစ်သားသစ် စုဆောင်းရေး အခက်တွေ့နေပြီး အင်အားချည့်နဲ့လာတဲ့အတွက် စစ်ပြေးနဲ့ ခွင့်မဲ့ စစ်သားတွေကို ထုတ်သုံးလာတာလို့ ပြောပါတယ်။

“သူတို့ (စစ်တပ်) အင်အားပြုန်းတီးနေတဲ့အပေါ်မှာ ထောင်အသီးသီးမှာရှိနေတဲ့ အခုလို စစ်ပြေးတွေကို အသုံးချနေတာပေါ့။ ပထမဦးစားပေးအနေနဲ့ ထောင်အသီးသီးမှာရှိနေတဲ့ စစ်ပြေးပုဒ်မနဲ့ ချထားတဲ့ လူတွေကို အာဏာရှင်တည်တံ့ရေးအတွက် အသုံးချနေတာ”

ဒီနေ့မှာ ခွင့်မဲ့နဲ့ စစ်ပြေးတွေကို လွှတ်ပေးနေပေမယ့် နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်မြောက်လာတာ မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားအရေး စောင့်ကြည့်နေသူတွေက ဆိုကြပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ နေပြည်တော်အခြေစိုက် အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဒီနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။