တိုက်ပွဲရပ်နေလို့ ရခိုင်စစ်ဘေးဒုက္ခသည် သုံးပုံတစ်ပုံခန့် နေရပ်ပြန်

ကျော်လွင်ဦး
2020.12.08

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေရပ်နေတာကြောင့် စစ်ဘေး ဒုက္ခသည် ခုနစ်သောင်းဝန်းကျင် နေရပ်ပြန်သွားကြပါတယ်။ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် ရှိနေတာ ကြောင့် နေရပ်ပြန်သွားတဲ့ ပမာဏဟာ ဒုက္ခသည်ဦးရေရဲ့ သုံးပုံတစ်ပုံရှိပါတယ်။

လတ်တလော အပစ်ရပ်နေတယ် ဆိုတာဟာ တပ်မတော်နဲ့ AA တို့အကြား ခိုင်မာတဲ့ သဘောတူညီမှုနဲ့ မဟုတ်တာကြောင့် ယာယီ ပြန်သွားကြတာဖြစ်ပြီး တိုက်ပွဲတွေပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြ ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်သိန်းကျော် ရှိပါတယ်။

အဲဒီဒုက္ခသည်တွေအထဲက ခုနစ်သောင်းကျော်ဟာ လတ်တလော တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ မရှိတာကြောင့် နေရပ်ပြန်နေ ကြတာလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

"ကျနော်တို့ ရထားတဲ့စာရင်းအရကတော့ ခုနစ်သောင်းနီးပါးလောက် ရှိတယ်ပေါ့နော် နေရပ်ပြန်နေတဲ့သူတွေ၊ ပြန်တဲ့သူတွေ အားလုံး နီးပါးလောက်က အပြီးပြန်တဲ့ပုံစံမျိုးမဟုတ်ဘဲ တိုက်ပွဲတွေ ရပ်ဆိုင်းထားတဲ့ကာလ လယ်ယာလုပ်ငန်းခွင့် ရိတ်သိမ်းခြွေလှေ့တဲ့ကာလ ဖြစ်တာကြောင့် ယာယီသဘော ပြန်ကြတာပေါ့နော်၊ တစ်ဘက်ကလည်း ဘာတွေစဉ်းစားချက်တွေ ရှိလဲဆိုတော့ ဒီလိုယာယီပြန်ရင်း နဲ့ ကျေးရွာအခြေအနေ တိုက်ပွဲတွေအခြေအနေကြည့်ပြီးတော့ ဆောင်းသီးနှံတွေ စိုက်မယ်၊ အခြေအနေပေးရင်တော့ တဖြည်းဖြည်း ပြန်ရွှေ့မယ်ဆိုတဲ့ အနေအထားတော့ရှိတာပေါ့၊ လောလောဆယ် အနေအထားထိကတော့ ငြိမ်းချမ်းရေးက အာမခံချက် မရှိသေး တဲ့အခါမှာ အပြီးပြန်မယ့် အနေအထားကတော့ သိပ်တော့မသေချာသေးဘူးပေါနော်။"

လူငယ်နဲ့ လူလတ်ပိုင်းတွေသာ ပြန်သွားတာများပြီး မိသားစုလိုက်မဟုတ်ဘဲ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ အမျိုးသမီးတွေကတော့ စစ်ဘေးဒုက္ခသည်စခန်းမှာ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

လက်ရှိကောက်ယူထားတဲ့ စာရင်းတွေအရ ခုနစ်သောင်းကျော်ရှိနေပြီး ထပ်တိုးလာနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။ အဲဒီထဲမှာ ဒုက္ခသည်စခန်းတွေကနေပြန်တဲ့သူ သုံးသောင်းလောက်ရှိပြီး နီးစပ်ရာ နေရာတွေမှာနေတဲ့သူတွေက လေးသောင်းလောက်ရှိတယ် လို့လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

REC က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ဘေးဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန်တဲ့သူတွေထဲမှာ ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေက အများဆုံးဖြစ်ပြီး ဘူးသီးတောင်မှာလည်း အနည်းငယ် ရှိပါတယ်။

တိုက်ပွဲတွေ အများဆုံးဖြစ်ခဲ့တဲ့နေရာတွေ၊ သွားလာရေး အဆင်မပြေတဲ့နေရာတွေနဲ့ တပ်မတော်က စခန်းတွေချထားတဲ့ နေရာတွေကသူတွေကတော့ ပြန်လို့အဆင်မပြေတာကြောင့် မပြန်ကြဘူးလို့လည်း သိရပါတယ်။

နေရပ်ပြန်သူတွေအနေနဲ့ လယ်ယာလုပ်ငန်းခွင်မှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေတဲ့အပြင် နှစ်ဘက်တပ်တွေဟာ အင်အားဖြည့်တင်း တာတွေရှိပြီး လတ်တလော အပစ်ရပ်နေပေမယ့် ဘာသဘောတူညီချက်မှ မရှိတာကြောင့် တိုက်ပွဲတွေပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းမှာ အရင်က ဒုက္ခသည် လေးထောင်ကျော်ရှိပြီး လက်ရှိမှာတော့ တိုက်ပွဲတွေမရှိတာကြောင့် နေရပ်ပြန်တဲ့သူ နှစ်ထောင်ကျော်လောက်ရှိတယ်လို့ အကူညီပေးသူတွေက ပြောပါတယ်။

အရင်က မယူမြစ်ကမ်းကနေ တပ်မတော်ရေက ဇက်ရေယာဉ်တွေ၊ စစ်သင်္ဘောတွေ တက်လာရင် ပစ်ခတ်တာတွေရှိတာကြောင့် ထွက်ပြေးလာတဲ့ ရွာတွေဟာလည်း အခုဆို ဇက်ရေယာဉ်တွေ၊ စစ်သင်္ဘောတွေဟာ ပစ်ခတ်တာတွေ မရှိတော့ပေမယ့် လက်နက်နဲ့ရိက္ခာ ဖြည့်တင်းတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA နဲ့ တပ်မတော်ကြား ညှိနှိုင်းမှုတွေမရှိဘဲ တိုက်ပွဲတွေပြန်ဖြစ်မယ်ဆိုရင် အရင်ကထက် ပိုပြင်းထန်လာနိုင်တယ်လို့ စေတီပြင်ဒေသခံ ကိုအောင်မင်းစိုးက ပြောပါတယ်။

"မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကြားမှာ တစ်စုံတစ်ရာ သဘောတူညီချက်မရှိဘဲနဲ့ အရင်လို တိုက်ပွဲတစ်ခုပြန်ဖြစ်မယ် ဆိုရင်တော့ ဒေသခံတွေရော၊ ရွာတွေရော စိုးရိမ်စရာရှိတယ်၊ ဘာကြောင့်လည်းဆိုတော့ မြန်မာတပ်မတော်က လက်နက်အင်အား လူအင်အား အပြည့်ဖြည့်သွားတယ်၊ ဇက်ရေယာဉ်နဲ့ လာပြီး ရိက္ခာတွေ၊ လက်နက်အင်အားတွေ အကုန်ဖြည့်နေတယ်။ အပစ်အခတ် ရပ်စဲရေးက ဒီဇင်ဘာ ၃၁ ထိတော့ ကြားထားတယ်၊ အဲဒီနောက်ပိုင်းမှာ ဆွေးနွေးမှုတစ်စုံတစ်ရာမရှိဘဲနဲ့ အပစ်အခတ်ရပ်စဲရေး တွေကို နှစ်ဘက်သဘောတူညီမှု တစ်ခုမှမရှိဘဲနဲ့ တိုက်ပွဲပြန်စမယ်ဆိုရင်တော့ ပထမတိုက်ပွဲထက် ပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ကျနော်တို့မြင်တယ်"

လက်ရှိ တိုက်ပွဲတွေရပ်တန့်နေသလို နောင်လည်းရပ်တန့်အောင် တပ်မတော်နဲ့ AA ကြား သဘောတူညီချက် တွေ ရှိဖို့အတွက် တွေ့ဆုံညှိနှိုင်းတာတွေ လုပ်စေချင်တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"AA တပ်တော် နဲ့တပ်မတော်ကလည်း ညှိနှိုင်းတိုင်ပင်ဖို့အတွက် သဘောတူညီချက်ရှိဖို့ လိုပါတယ်၊ အဲလိုသဘောတူညီချက်ရှိမှ စစ်ဘေးရှောင်တွေအနေနဲ့လည်း သူတို့ရွာတွေကို လွတ်လွတ်လပ်လပ် ပြန်ရဖို့ဖြစ်တယ်၊ အဲအတွက်ကြောင့် ဒီအတိုင်းအတာတစ်ခုမှာ အခုလည်းစစ်ပွဲရပ်တယ်၊ နောင်လည်း စစ်ပွဲရပ်အောင် သူတို့နှစ်ဦးနှစ်ဘက်ပေါ့နော် တစ်ဘက်နဲ့တစ်ဘက် တွေဆုံဆွေးနွေးပွဲလုပ်ဖို့ လိုအပ်တယ် လို့ ပြောချင်ပါတယ်"

တပ်မတော်နဲ့ AA ကြား တိုက်ပွဲတွေရပ်ဖို့ သဘောတူညီချက်တွေ ရှိ၊ မရှိနဲ့ သဘောတူညီချက်တွေရအောင် တွေဆုံဆွေးနွေးဖို့ ရှိ၊ မရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

AA အဖွဲ့ကတော့ ဒီဇင်ဘာလ ၂ ရက် ညနေက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နှစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်တွေ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ နာရီဝက်ကြာ အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရခိုင်ဒေသက ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့၊ စားသောက်ကုန် ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်နေတဲ့ ရခိုင်နဲ့ ပလက်ဝဒေသကို အန္တရာယ်ကင်းကင်းနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ အပြန်အလှန် နားလည်ယုံကြည်မှုကို ဆက်ထိန်းထားဖို့ ဆိုတာတွေ ဆွေးနွေးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နေရပ်ပြန်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရက စာရင်းကောက်ယူတာတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေး ဒုက္ခသည် နှစ်သိန်းကျော်ရှိ နေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန် ထားပါတယ်။

ပြည်နယ်အစိုးရရဲ့ စာရင်းတွေမှာတော့ ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါး (၉၈၄၆၇ ဦး) ရှိတယ်လို့ ဖော်ပြထားပါတယ်။

တပ်မတော်နဲ့ AA ကြား တိုက်ပွဲတွေရပ်တန့်ဖို့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက ကြားဝင် ညှိနှိုင်းပေးတာတွေ ရှိတယ်လို့လည်း ပြောဆိုတာတွေ ရှိပါတယ်။

ဂျပန် အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကလည်း ရခိုင်ပြည်နယ်က ဒေသတချို့ကို သွားရောက်လေ့လာခဲ့ပြီး ဒေသခံ အရပ်ဘက်အဖွဲ့တွေ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။