တောင်ကိုရီးယားနိုင်ငံမှ ကြိုတင် မဲစာရင်း ကော့မှူးတစ်မြို့နယ် လုံးပျောက်
2015.10.15

တောင်ကိုရီးယားနိုင်ငံမှ ကြိုတင်မဲပေးမယ့်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့ နယ် တစ်မြို့နယ်လုံးရဲ့စာရင်း ပါမလာကြောင်း ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေကပြော ပါတယ်။
ကိုရီးယားနိုင်ငံမှာ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ ဖြည့်စွက်ပြီး တင်ပြလာသူ ၆ ထောင်ကျော်ရှိပေမဲ့ အောက်တိုဘာလ ၁၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းမှာ ပါလာသူ ၃ ထောင်ကျော်ပဲရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံက ရွေးကောက်ပွဲ စစ်တမ်းကောက်အဖွဲ့က ကိုဝင်းလှိုင်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က တစ်မြို့နယ်လုံးမပါ ဘူးပေါ့နော်၊ အရေအတွက်ကတော့ ၂ဝဝ နဲ့ ၃ဝဝ ကြားဖြစ်လိမ့်မယ်၊ မန္တလေးတိုင်းမှာဆိုရင် လည်း တောင်သာတို့ ဘာတို့ဆိုလည်း မပါဘူးပေါ့ဗျာ၊ တောင်သာမြို့နယ်က မရှိဘူးဆိုလို့ရှိရင် ၄ဝဝ နဲ့ ၅ဝဝ ကြားကိုဖြစ်လိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီမှာက တောင်သာတို့ မြင်းခြံတို့ဘက်က တော်တော်လေးများတယ် ဒီမှာလာပြီးတော့ အလုပ်လုပ်ကြတဲ့သူတွေလေ၊ သံရုံးကထုတ်ပြန်တဲ့ ဒီမှာရောက်တဲ့ မဲပေးခွင့်ရှိသူစာရင်းက ၃၇၈၈ ဦးပဲပါတယ်၊ ကျန်တာကို သူတို့နိုင်ငံခြားရုံးကို လှမ်းပြီးတော့လည်း ကိုးရီးယားကြိုတင်မဲတွေ မရှိတော့ပါဘူးဆိုပြီး လှမ်းပြီးတော့ဖြေတာကို၊ အဲ့အတွက်ကြောင့်မို့လို့ ကိုးရီးယားသံရုံးကထုတ်ပြန်တဲ့ မဲပေးဖို့ရှိသူစာရင်းထဲမှာ မပါတဲ့ညီအစ်ကိုတွေကတော့ မဲပေးပိုင်ခွင့် ဆုံးရှုံးမယ်ဆိုတဲ့သဘောပေါ့"
အခုလိုမဲစာရင်းမှာ မပါလာသူတွေထဲမှာ မြန်မာပြည်က ထုတ်ပြန်တဲ့မဲစာရင်းမှာ ပါဝင်သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ခုလိုမဲစာရင်းမပါသူများနေတဲ့အတွက် သံရုံးက ထုတ်ပြန်တဲ့စာမှာ မဲစာရင်းမှာ မပါသူတွေဟာ ပုံစံ ၁၅ ကို ဖြည့်စွက်ရာမှာ အမှားအယွင်းများရှိလို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မဲစာရင်းမှာ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့သံရုံးက ဝန်ထမ်းအချို့ အမည်များလည်း ပျောက်နေတယ်လို့ ကိုရီးယားနိုင်ငံရောက် မဲဆန္ဒရှင်တွေက ပြောဆိုနေကြပါတယ်။