တောင်ဥက္ကလာမြို့နယ်မှာ မဲဆန္ဒရှင်စာရင်း ကိုးသောင်းနီးပါး ပိုနေ


2015.10.01
voter-lists-ygn-620.jpg ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ ၉သောင်းနီးပါးလောက် ပိုနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ အရင်ကနေထိုင်ပြီး တခြားမြို့နယ်ကို ပြောင်းရွှေ့သွားပေမယ့် အိမ်ထောင်စုစာရင်းတွေ မပြောင်းကြတဲ့အတွက် အခုလို စာရင်းတွေမှာ ပိုနေတာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခင်မောင်ကျော်က ပြောပါတယ်။

"ဒီ့ပြင်နေရာက ဆွဲပြီးထည့်ထားတာ မဟုတ်ဘူးခင်ဗျ၊ တိုးတဲ့လူထည့်ထားတာလည်း မဟုတ်ဘူး၊ အဲဒီ့မှာ လူမနေပေမယ့် အိမ်ထောင်စုစာရင်းတွေ ကျနေတဲ့အတွက် ထည့်ထားတာပါ၊ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ လဝကနဲ့ ပတ်သက်ရင် ပြည်သူလူထုက အဲဒီ့ရုံးကိုသွားပြီးဆောင်ရွက်မှ ဖြစ်တဲ့စနစ်ဖြစ်ပါတယ် ခင်ဗျ၊ သူကပြောင်းမယ်ဆိုရင်လည်း ကိုယ်တိုင် အိမ်ထောင်စုစာရင်းကို ပြောင်းတဲ့နေရာမှာ လျှောက်ထားနိုင်ဖို့အတွက် က ပုံစံ ၁ဝ ဆိုတာ ကိုယ်တိုင်သွားယူရပါတယ်၊ သေတယ်ဆိုရင်လည်း ကိုယ်တိုင်သွားပြီးတော့ လျော့ရပါတယ်၊ အိမ်ထောင်စုစာရင်းက ၁၉၈၉ တည်းကစလုပ်တော့ ခုချိန်အထိတော့ နှစ် ၂ဝ ကျော်တယ်ခင်ဗျ၊ အထူး သဖြင့်တော့ တောင်ဥက္ကလာက အဝင်အထွက်များတဲ့သဘောပေါ့"

အဲဒီမြို့နယ်မှာ မဲပေးခွင့်ရှိသူဦးရေ ၁ သိန်း ၇ သောင်းရှိပြီး အဲဒီထဲမှာ ၉ သောင်းလောက်က အမှန်တကယ်နေထိုင် သူတွေမဟုတ်ဘဲ ပိုနေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နေ့ မတိုင်ခင်တစ်ပတ်အလိုမှာ မဲပေးခွင့် သက်သေခံလက်မှတ်တွေကို လိုက်လံဖြန့်ဝေပြီး ပိုနေတဲ့စာရင်းတွေကို စီစစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ မဲပေးခွင့်ရှိသူ ၅သန်းကျော်ရှိပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ် ၁၄ ခုမှာ မဲပေးခွင့်ရှိသူဦးရေ ၁ ဒသမ ၂ သန်းကျော် ရှိနေပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးခင်မောင်ကျော်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။