အစိုးရ ရိက္ခာယာဉ်တန်းကို ရှမ်းပြည်မြောက်ပိုင်းတပ်က ချုံခိုတိုက်

ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း ရဲ့ ဝမ့်ဟိုင်းဌာနချုပ်ကို ဝိုင်းထားတဲ့ မြန်မာအစိုးရတပ်တွေဟာ သြဂုတ်လ ၃ ရက်ကနေ ၅ ရက်နေ့အထိ ဆန်ရိက္ခာ သယ်ယူနေချိန်မှာ SSA မြောက်ပိုင်းတပ်က ချုံခို တိုက်ခိုက်ခဲ့ကြောင်း SSA မြောက်ပိုင်းရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက RFA ကို ပြောပါတယ်။

2011.08.06

“ကျေးသီးကနေ ပန်စဲ၊ လွယ်ရွဲကနေ နမ့်ပုတ်၊ ဝမ့်ဟိုင်းကို ချည်းကပ် အခြေစိုက်ထားတဲ့ တပ်တွေကို သူတို့ ရိက္ခာ ပြန်ဖြည့်နေတယ်လေ။ လမ်းတလျှောက် လုံခြုံရေးယူနေတဲ့ ခလရ (၁၃၁) ကို ကျနော်တို့ SSA က ချုံခိုပြီး တိုက်တာပေ့ါ။ မိုင်းထောင်ပြီး တိုက်တာပေါ့။ ရိက္ခာဖြည့်နေတဲ့အချိန်မှာ တချိန်မဟုတ်တချိန် သူတို့ အသင့်ဖြစ်တာနဲ့ ကျနော်တို့ ဝမ့်ဟိုင်းဌာနချုပ်ကို ပြန်တိုက်မယ်လို့ သုံးသပ်မိတယ်”

မြန်မာအစိုးရတပ်ဘက်က ထိခိုက်ဒဏ်ရာရတာ ရှိတယ်ဆိုပေမယ့် အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။ ဒီအတောအတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက SSA ဝမ့်ဟိုင်း ဌာနချုပ်ကနေ ခေတ္တ ဆုတ်ခွာသွားကြတဲ့ မြန်မာအစိုးရ တပ်တွေကို နေပြည်တော်ဘက် ပို့ထားကြောင်း ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“ကိုးကန့်ဘက်က တပ်မ (၃၃) နဲ့ တပ်မ (၉၉) ဗမာပြည်ဘက် ဆင်းသွားတယ်။ ရန်ကုန်နဲ့ မန္တလေးတိုင်းဘက်က တပ်တွေရော နေပြည်တော်ဘက် ချီတက်သွားတယ်လို့ သတင်းရတယ်။ နေပြည်တော်ကို တပ်တွေအများကြီး ခေါ်သွားတယ်ဆိုတော့ အဲဒီမှာ အရှုပ်အထွေး ရှိမယ်လို့တော့ ထင်တယ်”

ဒီကနေ့တော့ ထူးခြားတဲ့ တိုက်ပွဲ အခြေအနေမရှိဘူးလို့ SSA မြောက်ပိုင်းတပ် ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။