တန့်ယန်းမြို့နယ်မှာ အစိုးရနဲ့ SSA မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်


2013.02.20
ssa_north_305.JPG SSA တပ်ဖွဲ့ဝင်များ စစ်ရေးပြ အခမ်းအနားတွင် ချီတက်နေစဉ်။
Photo: RFA

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA တပ်တွေနဲ့ အစိုးရတပ်တွေ တန့်ယန်းမြို့နယ်အတွင်းမှာ ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့ ဒီကနေ့ ထပ်မံတိုက်ပွဲဖြစ်ကြတယ်လို့ သိရပါတယ်။

မနေ့က တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ တန့်ယန်းမြို့နယ် ၇မိုင်စခန်း အရှေ့ဘက် ကောင်းဆန်းဆိုတဲ့ ပလောင်ရွာအနီးမှာ ဒီနေ့မနက် ၁ဝ နာရီခွဲလောက်မှာ အစိုးရတပ်နဲ့ SSA ေမြာက်ပိုင်းတပ်တွေ တိုက်ပွဲထပ်ဖြစ်တဲ့အကြောင်း အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလက ပြောပြပါတယ်။

“ဒီနေ့ဖြစ်တဲ့နေရာက တန့်ယန်းမြို့နယ်ထဲမှာပဲ မနေ့ကနေရာနဲ့ သိပ်မကွာဘူးလေ ၁၀ နာရီခွဲမှာ ခမရ ၃၂၂ နဲ့ မနေ့က ဖြစ်တဲ့တပ် ၁၀ နာရီခွဲကနေ စဖြစ်တာ တနာရီကျော်ကျော်လောက် အချိန်ကြာသွားတာပေါ့၊ နှစ်ဖက်ထိခိုက်မှုတော့ ဘာမှမသိရသေးဘူး ဒီနေ့ကျနော်တို့ လားရှိုးမှာထိုင်နေတဲ့ ရုံးတာဝန်ခံနဲ့ တိုင်းမှုးဆီသွားပြီးတော့ တွေ့ဆုံခိုင်းတယ် အဲဒီဖြစ်ပျက်တဲ့ဖြစ်စဉ်နဲ့ ဘာကြောင့်ဖြစ်ရလဲဆိုပြီး အဲဒါမသိရသေးဘူး”

မနေ့ကနဲ့ ဒီနေ့ဖြစ်တဲ့တိုက်ပွဲမှာ နှစ်ဖက်ကျဆုံးတဲ့ အခြေအနေတွေကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး။
အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေဟာ SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် အိမ်ထောင်သည် မိသားစုဝင်တွေ အခြေချနေထိုင်ဖို့ အစိုးရနဲ့နှစ်ဖက်သဘောတူထားတဲ့ နေရာဖြစ်တယ်လို့ ဗိုလ်မှုးစိုင်းလက ပြောပါတယ်။

“မနေ့ကဖြစ်တဲ့နေရာရော ဒီနေ့ဖြစ်တဲ့နေရာရော ကျနော်တို့ တပ်မဟာ ၃၆ က တပ်မိသားစုဝင်တွေ နေရာချထားရေး စီမံကိန်းရာထားချက် နေရာတွေပဲလေ အခုက အဲဒီနေရာဖြစ်တယ်ဆိုတော့ သူတို့က မိသားစုဝင်တွေချတဲ့နေရာကို သူတို့ထိုးထားချင်လို့လား သဘောတူညီထားတယ်လေ၊ ဒါပေမဲ့ သူတို့က နိုင်ငံတော်ကကူညီမယ် ဒါတွေလဲ ကျနော်တို့က မစောင့်နိုင်ဘူးလေ၊ ကျနော်တို့ အခြေချဖို့ တပ်မိသားစုဝင်တွေ စိုက်ပျိုးရေးတို့ ဘာတို့ အဆောက်အအုံတွေလုပ်ဖို့ ကျနော်တို့လဲ တတ်နိုင်သလောက် တည်ဆောက်နေတယ် သူတို့ဆီကိုလဲ တရားဝင် တင်ပြထားတယ်”

SSA မြောက်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတာ တနှစ်ကျော်ကြာနေပေမယ့် အခုအချိန်အထိ နှစ်ဖက်ဆက်ဆံရေး သိသိသာသာ တိုးတက်မှု မရှိသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။