မြန်မာစစ်တပ်နဲ့ SSA (South) အပစ်အခတ် ရပ်ကြောင်း ကြေညာ
2011.12.06

(Photo: AFP)
ဒီအကြောင်းကို RCSS ရှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရှမ်းသံတော်ဆင့် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
မူအရ သဘောတူညီထားချက် အတိုင်း အပစ်ရပ်ကြဖို့ မြန်မာ စစ်တပ်ရဲ့ တပ်တွင်းပိုင်းမှာ ထုတ်ပြန်တဲ့ အမိန့်စာကို မိမိတို့ ရှမ်းပြည် တပ်မတော်က လက်ခံရရှိထားပြီး မနေ့က စလို့ ရှမ်းပြည်တပ်မတော် တပ်တွင်းနဲ့ လက်အောက်ခံ တပ်တွေကို ဖြန့်ဝေလိုက်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က
ပြောကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အပစ်ရပ် သဘောတူထားချက်တွေကို RCSS ခေါင်းဆောင်တွေ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီး အခု သီတင်းပတ် အတွင်း ပြည်သူလူထုကို အသေးစိတ် ပြန်လည်ရှင်းမယ်လို့ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
ဗိုလ်မှူးချုပ် စိုင်းလူး ခေါင်းဆောင်တဲ့ RCSS/SSA ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး အထူး ကိုယ်စားလှယ် မီးရထား ဝန်ကြီး ဦးအောင်မင်းတို့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပဏာမ သဘောတူညီချက်ကို အခုလ ၂ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ
လက်မှတ် ရေးထိုးခဲ့ကြပါတယ်။