ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့စခန်းကို အစိုးရတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်


2013.02.22
military_305.jpg တောတွင်းမှာ ကင်းလှည့်နေတဲ့ အစိုးရစစ်သားများ
photo: RFA/Moe Thu Aung

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းက ရှမ်းပြည်တပ်မတော် SSPP/SSA မြောက်ပိုင်းတပ် ထိုင်ထားတဲ့စခန်းကို အစိုးရတပ်တွေက ဒီနေ့မနက် ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့က  နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှာ မနေ့က တိုက်ပွဲရပ်သွားခဲ့ပေမယ့် ဒီနေ့မနက်စောစောမှာ အစိုးရတပ်က SSA မြောက်ပိုင်းတပ်တွေ ထိုင်ထားတဲ့ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်းက တောင်ကုန်းစခန်းကို တပ်ရင်းနှစ်ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလ က RFA ကို ပြောပါတယ်။

"ဒီနေ့ သူတို့ ၆နာရီခွဲအချိန် ကျနော်တို့တပ်ရှိတဲ့နေရာကို သူတို့ကတုတ်ကျင်းတူးပြီးတော့ တဆင့်ပြီးတဆင့် တက်တိုက်တယ် ခမရ ၃၂၂နဲ့ ခလရ ၃၃ပါ ကျနော်တို့ ၉ နာရီအထိတော့ ဖြစ်နေတာပဲ၊ ကျနော်တို့တပ်တွေ အခြေချထားတဲ့ လွယ်လန်းတောင်မှာပဲ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်း ၆ မိုင် ၇ မိုင်လောက်ပေါ့"

ရှမ်းပြည်တပ်မတော် SSA ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး  နှစ်ဖက်ကျဆုံးထိခိုက်မှုကိုတော့  မသိရသေးဘူးလို့ ပြောပါတယ်။

ယခုလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်မြောက်ပိုင်း  လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်ရုံးကို SSA မြောက်ပိုင်းတပ်က ဗိုလ်ကြီး နော်လင်းက သွားရောက်အကြောင်းကြားခဲ့တဲ့အတွက်  ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ  တိုက်ပွဲတွေရပ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် နောက်တစ်ရက်မှာတော့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဝင်းသိန်းက လာရှိုးမြို့မှာရှိတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့က ဆက်ဆံရေးတာဝန်ခံကိုခေါ်ပြီး တောင်ကုန်းစခန်းရှိ SSA တပ်တွေကို ဆုတ်ပေးဖို့ တကယ်လို့ဆုတ်မပေးပါက တိုက်ခိုက်မယ်လို့ ပြောဆိုခဲ့ကြောင်း ဗိုလ်မှုးစိုင်းလ ကပြောပါတယ်။

"ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ကျနာ်တို့ ဗိုလ်ကြီး နော်လင်း တိုင်းရုံးက ကာနယ်ကြီးနဲ့ တွေ့ဆုံကြတယ်လေ၊ အဲဒီတုံးကတော့ သူတို့ တိုက်ပွဲဆက်မဖြစ်ဖို့ သူတို့ထိန်းချုပ်ပေးပါ့မယ်လို့ အဲလိုပြောတယ်၊ ပြောပြီးတော့ တမြန်နေ့က ကျနော်တို့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးအောင်လကို အဲဒီကာနယ်ကြီးက ပြန်ခေါ်တယ်လေ၊ ည ၈ နာရီခွဲလောက်က ခေါ်ပြီးတော့ မင်းတို့အဲဒီနေရာကနေ ဖယ်ပေး၊ မဖယ်ပေးရင် ကျနော်တို့တိုက်မယ်၊ အဲလိုပြန်ပြောတော့ ဒီနေ့ ၆ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်တာပဲ"

ယခုတိုက်ခိုက်နေတဲ့ တောင်ကုန်းစခန်းဟာ SSA မြောက်ပိုင်းတပ်ဖွဲ့ မိသားစုဝင် ၃၀၀ ကျော် အခြေချနေထိုင်ဖို့ စီစဉ်နေတဲ့နေရာဖြစ်ပြီး အခုစခန်းပါ ဆုတ်ပေးလိုက်ရရင် သူတို့အတွက် နေစရာမရှိတော့ဘူးလို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်တိုးတက်ရေးပါတီ  SSPP/SSA အဖွဲ့နဲ့ အစိုးရတို့ အပစ်ရပ်စဲရေး သဘောတူထားခဲ့တဲ့  တနှစ်ကျော် ကာလအတွင်းမှာ အစိုးရတပ်က ပြောလို့ ဆုတ်ပေးလိုက်ရတဲ့ စခန်း ၄ ခုရှိတယ်လို့ ဗိုလ်မှုးစိုင်းလက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။