အစိုးရနဲ့ ဆွေးနွေးဖိ့ု ရှမ်းပြည် တိုးတက်ရေးပါတီ နေပြည်တော်ကို ထွက်ခွာ
2015.11.22

ရှမ်းပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေ လျော့ချရေးနဲ့ စစ်ဘေး ဒုက္ခသည်တွေ နေရပ်ပြန်ရေးတို့အတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA က ကိုယ်စားလှယ်ငါးဦးဟာ ဒီနေ့ နေပြည်တော်ကို ထွက်ခွာသွားပြီဖြစ်ကြောင်း SSPP အဖွဲ့က ပြောပါတယ်။
အဲဒီကိုယ်စားလှယ်အဖွဲ့က တိုက်ပွဲတွေရပ်တန့်ရေးနဲ့ ဒုက္ခသည်တွေနေရပ်ပြန်ရေး ဆွေးနွေးမှာဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆင်ရေးဌာနက ဗိုလ်မှူးကြီး စိုင်းတက်ထွန်းက ပြောပါတယ်။
" အဓိကကတော့ တိုက်ပွဲရပ်တန့်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ အိမ်ပြန်နိုင်ဖို့တွက်ပါပဲ၊ မျက်နှာချင်းဆိုင်တွေ့ပြီးတော့မှ ဆွေးနွေးပြီးတော့မှသိရမှာပေါ့"
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့ဝင် ဝန်ကြီးဦးခင်မောင်စိုးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ဝ ရက်နေ့ရက်နေ့ က နေပြည်တော်မှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးကြီး စိုင်းတက်ထွန်းက ပြောပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် စပ်ခေးမောင်းနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ပေမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့ မနေ့ကနဲ့ ဒီကနေ့အထိ လွယ်ယူတောင်ကုန်းနဲ့ ပန်ဝိုး အရှေ့ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ် နေတယ်လို့ SSPP အဖွဲ့က ပြောပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆင်ရေးဌာနက ဗိုလ်မှူးကြီး စိုင်းတက်ထွန်းကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ် မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။