ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား


2014.10.02

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက် ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက် လင်းအားကြီးချိန်ကစလို့ ရှမ်းပြည်တောင်ပိုင်း ကျေးသီး မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ အများအပြားရှိတယ်လို့ သိရပါတယ်။

အစိုးရတပ်တွေနဲ့ SSA ရှမ်းပြည်မြောက်ပိုင်းတပ် ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့မှုတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးခွန်းဆမ်က RFA ကို အခုလို ပြောဆိုပါတယ်။

"မနက် ၅ နာရီ ၄၅ မိနစ်မှာ တချိန်တည် တပြိုင် တည်း နေရာနှစ်ခုကို အစိုးရတပ်က ဝင်တိုက် တယ်၊ နောက် ၇ နာရီ မိနစ် ၃ဝ မှာ နောက်စခန်း ၃ ခုကို တချိန်တည် တပြိုင်တည်းတိုက်တယ်၊ ဒီနေ့တိုက်ပွဲ ၅ ကြိမ်ဖြစ်တယ်၊ တစ်နေ့လုံးတိုက်နေတယ်၊ ဒီစစ်ဆင်ရေးကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရယ်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ကနေပြီးတော့ တိုက်ရိုက်ဦးဆောင်ကွပ်ကဲပြီးတော့ တိုက်နေတယ်"

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် လက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချူပ် ၂ က ခလရ ၂၄၇ တပ်ရင်း၊ ခလရ ၂၄၈ တပ်ရင်း၊ ခလရ ၂၉ ၄ တပ်ရင်း၊ ခမရ ၅၁၆ တပ်ရင်း၊ ခလရ ၂၈၇ တပ်ရင်း၊ ခလရ ၉  တပ်ရင်း၊ ခလရ ၁၂ တပ်ရင်းတွေနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချူပ် မိုင်းရယ် စစ်ဗျူဟာလက်အောက်ခံ ခမရ ၅၂၃ တပ်ရင်း၊ ခမရ ၃၂၆ တပ်ရင်းတွေပါဝင်တဲ့ တပ်ရင်း ၉ ရင်းနဲ့ အင်အားတစ်ထောင်ကျော် ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ရဲ့ တပ်မဟာ ၇၄ လက်အောက်ခံတပ်ဖွဲ့တွေနဲ့ ဒီကနေ့ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရာ မှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ အများအပြားရှိတယ်လို့ သိရပေမဲ့ နှစ်ဖက်ပစ်ခတ်မှုတွေ မရပ်စဲသေးတာကြောင့် အသေးစိတ်မသိရသေးဘူးလို့ ဦးခွန်ဆမ် က ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် ကွမ်ဟိန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။