စံတော်ချိန် သတင်းစာကို သာသနာညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်
2018.09.24

ရွှေတိဂုံစေတီတော်က ရွှေပြားတွေ မဲနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး "ပြောမိတော့မှာပဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သရော်စာ ရေးသားခဲ့တဲ့ ဆောင်းပါးရှင် ကောင်းဆက်နိုင် အပါအဝင် စံတော်ချိန် သတင်းစာ ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် စုစုပေါင်း ၃ ဦးကို သာသနာ ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ နဲ့ ဒေသခံတစ်ဦးက အမှုဖွင့်လိုက်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ဦးစိုးမင်းဦး ဆိုသူက ရွှေတိဂုံစေတီတော်ကို ငွေတိဂုံ၊ ဘော်တိဂုံစေတီ ဆိုတဲ့ အသုံးအနှုန်းတွေသုံးပြီး ရေးသားတာဟာ ဗုဒ္ဓဘာသာကို စော်ကားရာ ရောက်တဲ့အတွက် အရေးယူပေးဖို့ အမှုဖွင့်တိုင်းကြားခဲ့တာဖြစ်ပါတယ်။
"သတင်းစာမှာလည်း တောင်းပန်စာ ထည့်ထားပါတယ်။ ရွှေတိဂုံ သြဝါဒစရိယ ဆရာတော်ကြီးတွေဆီကလည်း သြဝါဒခံယူ တောင်းပန်ဖို့ စီစဉ်နေပါတယ်။ လောလောဆယ် ရဲတပ်ဖွဲ့ဘက်ကလည်း ခေါ်ယူတွေ့ဆုံပြီး မေးပါတယ်။ ကျနော်တို့ဘက်ကလည်း ဘာသာ သာသနာ စော်ကားချင်တဲ့ စိတ်နဲ့ရေးတာလည်း မဟုတ်ဘူး။ စာရေးဆရာအနေနဲ့ကလည်း သာသနာညှိုးနွမ်းစေတဲ့ စိတ်နဲ့လည်း လုပ်တာမဟုတ်တဲ့အတွက် ကျနော်တို့ ဘက်ကတော့ သဘောရိုးနဲ့ဆောင်ရွက်တာ ဖြစ်တဲ့အကြောင်း တင်ပြထားတာပေါ့"
ဒီလို တရားစွဲတာနဲ့ ပတ်သက်ပြီး ဒီနေ့ စံတော်ချိန်သတင်းစာ တောင်းပန်စာ ထည့်သွင်း ဖော်ပြခဲ့တယ်လို့ သတင်းစာ ထုတ်ဝေသူ ဦးကိုကိုလေး က ပြောပါတယ်။
စံတော်ချိန်သတင်းစာရဲ့ အယ်ဒီတာချုပ်ကို မနေ့က မင်္ဂလာတောင်ညွှန်မြို့နယ် ရဲစခန်းက လာရောက် ခေါ်ဆောင် ခဲ့ပြီး အမှုဖွင့်ထားကြောင်း အသိပေးပြီးနောက် အာမခံ ပေးခဲ့ပါတယ်။ ဒီနေ့မှာလည်း ထုတ်ဝေသူကို ရဲစခန်းမှာ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းစေပြီး အာမခံပေးလိုက်ပါတယ်။
ဆောင်းပါးရှင်က နယ်မှာ သာသနာ့ဘောင်ကို ခေတ္တခိုလှုံနေတာကြောင့် မင်္ဂလာတောင်ညွန့် ရဲစခန်းကို သွားရောက် နိုင်ခြင်းမရှိသေးကြောင်းနဲ့ မကြာခင်ရက်ပိုင်းမှာ ရန်ကုန်ကို ပြန်ရောက်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အခုလ ၁၇ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ "ပြောမိတော့မှာပဲ" ဆောင်းပါးမှာ ရွှေတိဂုံစေတီတော်နဲ့ မန္တလေးက မဟာမုနိကိုယ်တော်ကြီးတွေ တစ်ဦးနဲ့တစ်ဦး စကားပြောနေဟန်နဲ့ ရွှေတိဂုံ စေတီတော်က ရွှေသင်္ကန်းတွေ မဲနေတဲ့ ဖြစ်ရပ်ကို သရော်စာအဖြစ် ရေးသားခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံး တင်သင့်၊ မတင်မသင့်ကို ရဲစခန်းက စိစစ်ဆောင်ရွက်နေတဲ့အတွက် ရုံးချိန်း ချိန်းဆိုတာမရှိသေးဘူးလို့ သိရပါတယ်။
သတင်းစာတိုက်ဘက်ကတော့ တရားစွဲဆိုသူနဲ့ ရွှေတိဂုံ ဂေါပက တာဝန်ရှိသူတွေကို တွေ့ဆုံရှင်းပြခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။