စတားဘတ်ကော်ဖီ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ယာယီရပ်ဆိုင်း
2018.09.13
ကမ္ဘာကျော် စတားဘတ် (Starbucks ) ကော်ဖီကုမ္ပဏီက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ယာယီရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒီနေ့ RFA ကို အတည်ပြုပြောဆိုပါတယ်။
ကမ္ဘာ့စီးပွားရေး အခြေအနေကြောင့် ယာယီရပ်နားထားမယ်လို့ Starbucks ကုမ္ပဏီက ဆက်သွယ် ပြောကြားလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပါတယ်။
“ကမ္ဘာစီးပွားရေး ပြောင်းလဲနေတဲ့ အခြေအနေကြောင့် သူတို့မစနိုင်သေးပါဘူး၊ သူတို့ စနိုင်တဲ့အချိန်ကျရင် လာရောက် အကြောင်းကြားပါ့မယ်လို့ ဒါပဲပြောသွားတာ၊ ရပ်ဆိုင်းတာမဟုတ်ဘူး၊ ပိတ်သိမ်းတာမဟုတ်ဘူး၊ သူတို့စဖို့ရှိတယ်၊ သူတို့လုပ်ငန်းစတင်ဖို့ ခဏ ရပ်ဆိုင်းထားချင်ပါတယ်တဲ့”
Starbucks ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ခြောက်သန်း ရင်းနှီးမြှုပ်နှံပြီး Sule Square အပါအဝင် ဆိုင်ခွဲပေါင်း ၂ဝ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Starbucks ကော်ဖီကို မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
Starbucks ကုမ္ပဏီက ရန်ကုန်မြို့ Sule Square မှာ ဖွင့်လှစ်မယ်လို့ ကြေညာခဲ့ပေမဲ့ Sule Square တာဝန်ရှိသူတွေကို တစ်စုံတရာ အကြောင်းမကြားခဲ့သလို အခုလို ယာယီရပ်ဆိုင်းတာကိုလည်း အကြောင်းမကြားခဲ့ဘူးလို့ သိရပါတယ်။