ကယားပြည်နယ်မှာ Starlink အင်တာနက် အကန့်အသတ်နဲ့ စတင်အသုံးပြုလာ
2023.06.10
ကယားပြည်နယ် (ကရင်နီ) က နေရာတချို့မှာ Starlink အင်တာနက်ကို အကန့်အသတ်နဲ့ လူတချို့ အသုံးပြုလို့ရနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။
ဒါပေမဲ့ စျေးကြီးလွန်းတာကြောင့် လူတိုင်းအသုံးပြုနိုင်ဖို့တော့ လက်လှမ်းမမီသေးဘူးလို့ ကိုဗညားက ပြောပါတယ်။
"ဒီဟာက လူထုတိုင်းအတွက်၊ အဖွဲ့အစည်းတိုင်းအတွက် လက်လှမ်းမမီသေးဘူးပေါ့နော်။ သူ့ဟာက စျေးကြီးတယ်။ ငွေဖြည့်ရတာလည်း စျေးကြီးတယ်ပေါ့နော်"
ကရင်နီမှာ တချို့အရေးကြီးတဲ့လူပုဂ္ဂိုလ်တွေ Starlink အင်တာနက်သုံးတာကိုတော့ မြင်တွေ့ဖူးတယ်လို့ ကိုဗညားက ဆိုပါတယ်။
Free Burma Rangers အဖွဲ့တည်ထောင်သူ အမေရိကန် Special Forces တပ်မှူးဟောင်း David Eubank ကလည်း ကယားပြည်နယ်တစ်နေရာမှာ Starlink အင်တာနက် သုံးလို့ရတဲ့အကြောင်း ဇွန်လ ၈ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက် တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။
Free Burma Rangers အဖွဲ့ဟာ ဆီးရီးယားမှာရော၊ လက်ရှိ မြန်မာပြည်တွင်းမှာပါ ဒုက္ခသည်တွေအရေး ဆယ်စုနှစ် သုံးခုနီးပါးကြာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
Starlink အင်တာနက်ကို ကယားပြည်နယ် ဘယ်နေရာတွေမှာအသုံးပြုနိုင်ပြီး ကုန်ကျစရိတ်ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။
စစ်ကောင်စီက ကချင်၊ ကယား၊ ချင်း၊ ရခိုင်ပြည်နယ်အပြင် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းက မြို့နယ်အတော် များများကို အင်တာနက်ဖြတ်တောက်တာ ဒါမှမဟုတ် အင်တာနက်မြန်နှုန်းလျှော့ချထားသလို ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့ ဒေသတွေလည်းရှိပါတယ်။