တရုတ်ပိုက်လိုင်းအရေး လှုပ်ရှားသူတွေကို ပြည်နယ် အစိုးရ ခေါ်ယူတွေ့ဆုံ
2013.08.15
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ နေရာတစ်လျှောက်က ဒေသခံတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒေသခံတွေကိုခေါ်ယူပြီး ဒီကနေ့ နေ့လည်ပိုင်းက ကျောက်ဖြူမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်တဲ့ ပြည်နယ် အစိုးရ တာဝန်ရှိသူတွေက အချက် (၃)ချက်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ဦးထွန်းလွင်က RFA ကိုပြောပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ကျောက်ဖြူမြို့ပေါ်အပြင် ကျေးလက်ဒေသတွေမှာ မကြာခင် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်သွားဖို့အပြင် ပိုက်လိုင်း တစ်လျှောက် သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာတွေကိုပါ ဖြေရှင်းပေးသွားမယ်လို့ ကတိပြုခဲ့ကြောင်းသိရပါတယ်။
ဒါပေမယ့် ဘိုးဘွားပိုင်မြေနဲ့ စားကျက်မြေ အမျိုးအစား မြေယာတွေ အသိမ်းခံထားရတဲ့ ကိစ္စအပြင် ကျေးရွာတွေဆက်ြပီး လမ်းဖောက်လုပ်ရေး ကိစ္စရပ်တွေကိုတော့ ကတိပေးတာ မရှိသေးဘူးလို့ ဦးထွန်းလွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံတွေက သူတို့ရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးဖို့အတွက် မြို့နယ် အာဏာပိုင်တွေထံ တောင်းဆိုခဲ့တဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။