ရန်ကုန်တိုင်းအစိုးရနဲ့ Eleven ကိစ္စ သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့ ညွှန်ကြား
2018.10.18

ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ Weekly Eleven ဂျာနယ်ကိစ္စကို အရင်ဆုံးသတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးဇော်သင်း လက်မှတ်ရေးထိုးပြီး အောက်တိုဘာလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်တာလို့ သိရပါတယ်။
ဒီညွှန်ကြားချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်ကို RFA က ဆက်သွယ်မေးမြန်း ရာမှာတော့ သီးခြားမှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။
ဒီနေ့မနက်မှာတော့ Weekly Eleven ဂျာနယ်ဆောင်းပါးကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက ္ခာကျဆင်းရတယ်ဆိုပြီး အမှုတရားလိုဖြစ်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က သတင်းမီဒီယာကောင်စီကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဒီနေ့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
သတင်းမီဒီယာဥပဒေပုဒ်မ ၉ ပါ သတင်းမီဒီယာသမားတစ်ဦးရဲ့ တာဝန်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက် တာကြောင့် ညှိနှိုင်းဖြေရှင်းအရေးပေးဖို့ဆိုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကိုယ်စား ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က တိုင်ကြားခဲ့တာလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက RFA ကိုပြောပါတယ်။
သတင်းမီဒီယာဥပဒေမှာ တရားရုံးရောက်တဲ့အမှုတွေဆိုရင် ရုပ်သိမ်းပေးရတာကြောင့် ဒီအမှုကို ရန်ကုန်တိုင်းအစိုးရ က ရုပ်သိမ်းပေးဖို့ ကိစ္စကို မနက်ဖြန်မှာ ထပ်မံတွေဆုံသွားဖို့ရှိတယ်လို့လည်း ဦးကျော်စွာမင်းကပြောပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ထုတ် Eleven မီဒီယာမှာ အကြီးတန်းအယ်ဒီတာ ဖြိုးေ၀ ရေးသားခဲ့တဲ့ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" သတင်းသုံးသပ်ချက်ဆောင်းပါးဟာ ရန်ကုန်တိုင်းအစိုးရကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့က ၅၀၅ (ခ)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။