လူကုန်ကူးမှု တိုက်ဖျက်ရေး နိုင်ငံတကာနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ တိုက်တွန်း
2013.09.13

လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လူကုန်ကူးခံရသူတွေကို ဗဟိုပြုစုံစမ်းဖော်ထုတ်ဖို့လိုသလို ဒေသအတွင်း နိုင် ငံတွေရဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးတွေနဲ့ပါ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားဖို့လိုတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဒီနေ့ ပြောကြားလိုက်ပါတယ်။
နေပြည်တော် သင်္ဂဟဟိုတယ်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကျင်းပတဲ့ “နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အခမ်းအနားမှာ ဝန်ြကီး ဒုတိယ ဗိုလ်ချုပ်ြကီးကိုကိုက အခုလို ပြောကြားခဲ့တာပါ။
"လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ လူကုန်ကူးခံရသူကို ဗဟိုပြုချဉ်းကပ်တဲ့လုပ်ဆောင်မှု မျိုး ပြုလုပ်ရန်လိုအပ်မှာဖြစ်ပါတယ်၊ ဒီနေရာမှာ ကြိုတင်ကာကွယ်တဲ့အပိုင်း၊ တရားစွဲဆိုတဲ့အပိုင်း၊ ကာကွယ်စောင့်ရှောက်တဲ့အပိုင်း၊ လူကုန်ကူးခံရသူရဲ့ လိုအပ်တဲ့အခွင့်အရေးတွေကို အဓိကဗဟိုပြုပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ လူကုန်ကူးမှုများ စုံစမ်းစစ်ဆေးတဲ့အခါမှာ ထောက်လှမ်းရေးကွန်ရက်ကို ချဉ်းကပ်တဲ့ စုံစမ်းစစ်ဆေး အသိပညာများ တိုးတက်ရရှိရေး လေ့ကျင့်ပေးထားရမှာဖြစ်ပါတယ်”
မြန်မာနိုင်ငံမှာ လူကုန်ကူးမှုဖြစ်ပွားမှု အများဆုံးဖြစ်ပွားနေတဲ့နေရာတွေမှာ MTV Exit ဂီတအဖွဲ့နဲ့ ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေးဖျော်ဖြေပွဲတွေကို လာမယ့်အောက်တိုဘာလမှာ စတင်ကျင်းပသွားမယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းကလည်း ပြောပါတယ်။
နိုင်ငံတာကာ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွေကို ကယားပြည်နယ် လွိုင်ကော်နဲ့ ရှမ်းပြည်နယ် တာချီလိတ်စတဲ့ နယ်စပ်မြို့တွေမှာလည်း ဒီနေ့ကျင်းပခဲ့ပါတယ်။
ြပီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ဂရမ်မီဆုရ ကမ္ဘာကျော် အမေရိကန်အဆိုတော် Jason Mraz ဦးဆောင်တဲ့ MTV Exit အဖွဲ့ဟာ လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။
နေပြည်တော်အပါအဝင် မြန်မာနိုင်ငံမှာ ဒီနေ့ကျင်းပခဲ့တဲ့ နိုင်ငံတကာလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွေအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။